Healthy Life Ad
Life Style

သွေးဆုံးချိန်တွင် လိုက်နာသင့်သည့် ကျန်းမာရေး နည်းလမ်းကောင်းများ

၊ ငွေကြယ်စင်ယံ ၊

သွေးဆုံးချိန်ရောက်လာတဲ့အခါ အမျိုးသမီးတွေဟာ နုံးချည့်ညောင်းညာတာ၊ ကိုယ်အလေးချိန် တက်တာ၊ ညဘက်မှာ ပူနွေးပြီး ချွေးထွက်များတာ၊ စိတ်ကယောက်ကယက်ဖြစ်တာ၊ မိန်းမကိုယ်ခြောက် သွေ့တာ အစရှိတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒီလက္ခဏာတွေက မသက်မသာဖြစ်ပြီး နေထိုင်လို့ မကောင်းတာမျိုး ဖြစ်စေတာကြောင့် သွေးဆုံးချိန်မှာ အမျိုးသမီးတွေ လိုက်နာသင့်တဲ့ ကျန်းမာရေး နည်းလမ်းကောင်းတွေကို အကြံပြုပါရစေ။

– ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ
လေ့လာမှုအရ တက်ကြွပြီး ပုံမှန်လှုပ်ရှားမှုရှိတဲ့ အမျိုးသမီးတွေအနေနဲ့ သွေးဆုံးချိန်မှာ ဝေဒနာလက္ခ ဏာခံစားရနိုင်ခြေလျော့နည်းတယ်လို့ သိရပါတယ်။ ငယ်စဉ်က လေ့ကျင့်ခန်းမလုပ်ဖြစ်ခဲ့ရင်တောင် အသက် ၄၀ ထဲ ဝင်ရောက်လာချိန်မှာ နေ့စဉ်လေ့ကျင့် ခန်းကို မှန်မှန် လုပ်ဆောင်ပေးသင့်ပါတယ်။ လေ့ကျင့် ခန်းလုပ်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်နှုန်းကို တိုးစေပြီး ကိုယ်အလေးချိန်မြင့်တက်မှုမဖြစ်အောင် တွန်း လှန်နိုင်ကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ တကယ်လို့တစ်နေ့ မိနစ် ၃၀ ခန့် လမ်းလျှောက်ရင်တောင် ခန္ဓာကိုယ်ကျန်းမာရေး သိသိသာသာ ကောင်းမွန်နေပါလိမ့်မယ်။

– အာဟာရဓာတ်များကို မမေ့ပါနှင့်
သင့်ခန္ဓာကိုယ်က သွေးဆုံးချိန် ခံစားရတဲ့ ဝေဒနာတွေကို တွန်းလှန်နိုင်အောင် အာဟာရပြည့်နေဖို့ လိုပါတယ်။ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်များစွာ ပါဝင်တဲ့ အစာတွေကို စားပေးတာအကောင်းဆုံးပါ။ အဆီနည်း ပရိုတင်း၊ ကောက်နှံစာ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုစားဖို့လည်း မမေ့ပါနဲ့။

– အိပ်ရေးဝ၀ အိပ်စက်ပါ
တစ်နေ့ အိပ်ချိန် အနည်းဆုံး ရှစ်နာရီရအောင် အိပ်စက်ပေးပါ။ အိပ်စက် အနားရတာကြောင့် ခန္ဓာကိုယ် နုံးချည့်ညောင်းညာတဲ့ ဝေဒနာနဲ့ ညဘက် ချွေးထွက်များတာကို သက်သာစေပါတယ်။

– အနားယူအပန်းဖြေနည်း လေ့ကျင့်ပါ
သွေးဆုံးချိန် အတောအတွင်း ဟော်မုန်းအ ပြောင်းအလဲဖြစ်တာကြောင့် ပူပင်သောကများတာ၊ စိတ်ဖိစီးမှု ဖြစ်တာ၊ စိတ်လှုပ်ရှားတာ စတဲ့ စိတ်ပိုင်း ဆိုင်ရာ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒီစိတ်ဝေဒနာတွေကို ထိန်းချုပ်နိုင်ဖို့ အပန်းဖြေတဲ့ နည်းလမ်းကို လိုက်နာပါ။ တရားထိုင်တာနဲ့ ယောဂကျင့်တာဟာ စိတ်တည်ငြိမ်စေတဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါ တယ်။

– မိမိစိတ်နှင့် ခန္ဓာကို လေ့လာဆန်းစစ်ပါ
ကိုယ့်အခြေအနေကို သိနားလည်မှု မရှိတာက အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးကို သယ်ထားသလိုပါပဲ။ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ စိတ်နဲ့ ခန္ဓာပြောင်းလဲမှုတွေကို သိနားလည်ပြီး အပန်းပြေ အောင်နေထိုင်ကာ အဲဒီအပြောင်းအလဲတွေကို ကောင်းကောင်း လက်ခံထိန်းချုပ်နိုင်အောင် ကြိုးစားသင့် ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top