Healthy Life Ad
Health Tips

သင် အိပ်ရေးပျက်နေတာ စားသောက်ပုံ မမှန်လို့လား . . .

အတွေးတွေ၊ သောကတွေ၊ စိတ်ညစ်စရာတွေမရှိဘဲ ညဘက် အိပ်မပျော်ဖြစ်နေတဲ့အခါ စားသောက်တဲ့ ပုံစံမှားနေလို့လားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

စူး (ဆေးဝါးတက္ကသိုလ် )

ညစာ စားတာ စောလွန်းရင်
ညစာကို ညနေငါးနာရီလောက်က စားထားပြီး ည ၁၁နာရီကျော်တဲ့အထိ အိပ်မပျော်ရင် ဒါက ဗိုက်ဆာနေလို့ အိပ်မပျော်တာဖြစ်နိုင်ပါတယ်။ ညစာ စားတာစောရင် မအိပ်ခင် နှစ်နာရီအလိုမှာ သရေစာစားပေးပါ၊ သရေစာက ကာဗိုဟိုက်ဒရိတ် (ပေါင်မုန့်၊ ကွတ်ကီးစသည်) ၆၅ရာခိုင်နှုန်း၊ ပရိုတင်း (အသား၊ ငါးစသည်) ၃၅ရာခိုင်နှုန်းပါသင့်ပြီး ကယ်လိုရီက ၂၅၀လောက်ဖြစ်သင့်ပါတယ်။ နွားနို့သောက်တာက အကောင်းဆုံးအိပ်ဆေး ဖြစ်ပါတယ်။

နေ့ခင်း ကော်ဖီသောက်တာများသွားရင်
နေ့ခင်းပိုင်းမှာ ကော်ဖီသောက်တာများရင် နာ့ဗ်ကြောကို လှုံ့ဆော်မှုများပြီး ညဘက်မှာ အိပ်မပျော်ဖြစ်တတ်ပါတယ်။

ညစာ များများ စားမိရင်
ညစာကို အလွန်အကြူးစားလိုက်တာကြောင့် မအီမသာ ခံစားရပြီး ပြည့်အင့်နေတတ်ပါတယ်။ အဲဒီအခါ အစာခြေစနစ် လုပ်ငန်းဆောင်တာ ထိခိုက်ရာက အိပ်မပျော်ဖြစ်စေပါတယ်။

အရက်သောက်ထားရင်
အရက်သောက်လိုက်ရင် အိပ်မောကျပေမယ့် တကယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အဆင့်ကို မရရှိစေပါဘူး။ ဒါ့အပြင် အရက်နာကျပြီး ရေဆာတာ၊ ခေါင်းကိုက်တာစတဲ့ ဝေဒနာတွေနဲ့အိပ်ရာက လန့်နိုးလာတတ်ပါတယ်။

ညစာမှာ အစပ်တွေ ထည့်စားမိရင်
ညစာစားတဲ့အခါ အစပ်တွေထည့်စားရင် ရင်ပူတာနဲ့အစာမကြေတာတို့ ဖြစ်တတ်ပါတယ်။ အစပ်စားတဲ့အတွက် ညဘက်အိပ်မက်ဆိုးမက်ပြီး လန့်နိုးတာလည်း ဖြစ်နိုင်ခြေများပါတယ်။

အိပ်ရာမဝင်ခင် ရေခဲမုန့် စားမိရင်
အဆီနဲ့သကြားများတဲ့ အစာတွေစားရင် အိပ်ရေးပျက်စေနိုင်ပါတယ်။ အဆီတွေက အစာအိမ်ထဲမှာ ကြာကြာနေတဲ့အတွက် အစာခြေဖျက်နှုန်းနှေးပြီး အိပ်ရေးပျက်ရတာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top