Healthy Life Ad
International

ညဉ့်နက်မှ အိပ်ရာဝင်သူများ ဆီးချိုရောဂါ၊ ကြွက်သားအားနည်းခြင်းနှင့် ဗိုက်ပူခြင်း ဖြစ်နိုင်ခြေ မြင့်မား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ညဘက် ညဉ့်နက်သည်အထိ ပါတီပွဲတွင် ပျော်ပါးပြီး နံနက်စာမစားဘဲနေခြင်းသည် ကျန်းမာရေးကို သိသာစွာထိခိုက်စေနိုင်ကြောင်း သိပြီးဖြစ်ပါလိမ့်မည်။ ယခုလေ့လာမှုအရ ညဉ့်နက်မှ အိပ်ရာဝင်သူတို့သည် ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားကြောင်း သိရသည်။

ညဉ့်နက်သည်အထိ မအိပ်ဘဲနေခြင်းဖြင့် ခန္ဓာကိုယ်ဇီဝနရီကို အဟန့်အတားဖြစ်စေပြီး ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း လေ့လာသူတို့ကဆိုသည်။ အသက် ၄၀နှင့် ၅၀ နှစ်အရွယ် လူဦးရေ ၁၆၀ဝ ကျော်ကို အိပ်စက်သည့် အကျင့်အကြောင်း မေးမြန်းခဲ့ရာ ညဉ့်နက်မှ အိပ်ရာဝင်လေ့ရှိသူတို့သည် စောစောအိပ်ရာဝင်သူတို့ထက် ခန္ဓာကိုယ် အဆီပိုများပြီး သွေးထဲတွင် မကောင်းသောအဆီပိုများစေကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ညဉ့်နက်မှအိပ်ရာဝင်လေ့ရှိသော အမျိုးသားတို့သည် စောစောအိပ်ရာဝင်လေ့ရှိသူတို့ထက် ဆီးချိုရောဂါဖြစ်နိုင်ခြေ သုံးဆပိုများပြီး ကြွက်သားအား နည်းသောရောဂါ ဖြစ်နိုင်ခြေလေးဆနီးပါး ပိုများကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။ ညဉ့်နက်မှ အိပ်ရာဝင်လေ့ရှိသော အမျိုးသမီးတို့ကမူ ဗိုက်ပူနိုင်ခြေ ပိုများကြောင်း၊ ထို့ပြင် နှလုံးရောဂါအမောဖောက်ခြင်း (Heart Attack)၊ လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါ စသည့် အန္တရာယ်တို့ အကြီးအကျယ် မြင့်တက်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။

ညဉ့်နက်မှ အိပ်ရာဝင်လေ့ရှိသူတို့သည် ညဘက်တွင် အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အထိုင်များသော နေထိုင်မှုပုံစံရှိခြင်း အစရှိသည့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူများ လုပ်ဆောင်နှုန်းမြင့်မားသောကြောင့် ဖြစ်နိုင်သည်ဟု ကိုရီးယားဆေးကောလိပ်မှ လေ့လာသူ ဒေါက်တာနန်းဟီးကင်မ်က ပြောကြားခဲ့သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top