Healthy Life Ad
Life Style

အသက် ၈၀အရွယ်အထိ အမျိုးသား စွမ်းဆောင်ရည် ကောင်းနေစေဖို့ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးဝေဒနာအားလုံးက သင့်လိင်တံ ပေါ်သက်ရောက်မှုရှိပါတယ်။ ကျန်းမာတဲ့ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးဟာ လိင်စွမ်းဆောင်မှုအပိုင်းမှာ ဆေးလိပ်နဲ့ အရက် အလွန်အကျွံသောက်တဲ့ ၃၀အရွယ်ကို ယှဉ်နိုင်ပါတယ်တဲ့။ ကျန်းမာတဲ့အခါ သွေးစီးဆင်း မှုကောင်းတာကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာရေးတင်မက စိတ်ကျန်းမာရေး ကောင်းမွန်မှုကလည်း အမျိုးသားတွေကို ကောင်း ကောင်း စွမ်းဆောင်နိုင်စွမ်းရှိစေပါတယ်။ အလုပ်ကြောင့် ဖိစီးမှုများရင် ဒါမှမဟုတ် အိမ်ထောင်ရေး အဆင်မပြေရင် စိတ်ဓာတ်ကျ ပြီး အမျိုးသားစွမ်းဆောင်ရည်လည်း ကျဆင်းတတ်ပါတယ်။ တကယ်လို့ အောက်က အချက်တွေကို သင်လိုက်နာတယ်ဆိုရင်တော့ သင်က ကျန်းမာတဲ့ ကိုယ်နေဟန် ပိုင်ဆိုင်တဲ့အပြင် အသက် ၈၀ အရွယ်ထိတောင် အမျိုးသားစွမ်းဆောင်ရည် ကောင်းနေမှာပဲ ဖြစ်ပါတယ်။

(၁) ဗိုက်ချပ်ရပ်အောင် လေ့ကျင့်ပါ
ဗိုက်အဆီတွေ ကင်းစင်ပြီး ကိုယ်အလေးချိန်က ပုံမှန်ရှိနေဖို့ဆိုရင်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားတာနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်တာတွေကို လိုက်နာရမှာပါ။ ဗိုက်မှာ အဆီတွေရှိနေရင် တက်စတိုစတီရုန်း ကျားဟော်မုန်းကို ပိတ်ပင်ဟန့်တားပြီး လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုကိုထိခိုက်စေပါတယ်။ လိင်တံ ကျန်းမာရေးက နှလုံးနဲ့ သွေးကြောကျန်းမာရေးထက် အရင်ပိုပြီးထိခိုက်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိင်တံသွေးကြောက နှလုံးသွေးကြောထက် ပိုကျဉ်း တာကြောင့် သွေးတွင်းအဆီပိတ်ပြီး သွေးကြောမာကျောစပြု တဲ့အခါ အရင်ဆုံး လိင်တံကျန်းမာရေး ထိခိုက်သွားပါတော့တယ်။

(၂) ဆေးလိပ် ဖြတ်ပါ
ဆေးလိပ်သောက်တာကြောင့် သွေးကြောတွေ ကိုထိခိုက်စေပါတယ်။ နီကိုတင်းဟာ လိင်တံဆီသွေးစီးဆင်းမှုကို ထိန်းချုပ်ပေးပြီး အမျိုးသားစွမ်းဆောင်ရည်ကျ ဆင်းစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့ အမျိုးသားတွေက ဆေးလိပ်မသောက်သူတွေထက် ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။

(၃) နေ့စဉ် နေ့တိုင်း လမ်းလျှောက်ပါ
သင် လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးစီးဆင်းမှု ကောင်းသွားပြီး နိုက်ထရစ်အောက်ဆိုဒ်တွေ ပိုထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ အဲဒီဓာတ်က အမျိုးသားစွမ်းဆောင်ရည် ကောင်းစေပါတယ်။ အမျိုးသားတစ်ယောက် ကျန်းမာရေးပိုကောင်း လေလေ၊ နိုက်ထရစ်အောက်ဆိုဒ်ပိုထွက်လေလေ၊ အမျိုးသား စွမ်းဆောင်ရည် ပိုကောင်းလေလေပဲ ဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်တာက စိတ်ဓာတ်ကျတာကိုလည်း အတန်အသင့် သက်သာစေတဲ့အတွက် ဒါကလည်း အမျိုးသားစွမ်းဆောင်ရည် ကောင်းစေတဲ့ အချက် ဖြစ်နေပြန်ပါတယ်။

(၄) ဝှေးစေ့ကို စစ်ဆေးပါ
နှစ်စဉ် အမျိုးသား ရှစ်ထောင်နီးပါး ဝှေးစေ့ကင်ဆာ ခံစားနေရပါတယ်။ အထူးသဖြင့် အသက် ၁၅ နှစ်နဲ့ ၄၀ နှစ်ကြား လူငယ်တွေမှာ ဝှေးစေ့ကင်ဆာ အဖြစ်များပါတယ်။ စောစောတွေ့ရှိရင် ဝှေးစေ့ကင်ဆာက ၉၅ ရာခိုင်နှုန်းကျော် ကုသပျောက်ကင်းနိုင်ပါတယ်။ဝှေးစေ့ကို မစစ်ဆေးမိလိုက်ရင် ကင်ဆာဟာ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွား နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း တစ်လတစ်ခါ ဝှေးစေ့စစ်ဆေးသင့်ပါတယ်။

မိမိဘာသာ ဝှေးစေ့ စစ်ဆေးနည်း
အဆင့် (၁) ကြက်သီးနွေးရေ ချိုးပါ။ ကြက်သီးနွေးရေက ကြွက်သားတွေကို ပျော့ပျောင်းစေပြီး ဝှေးစေ့ကို ကပ္ပာယ်အိတ်ကနေ ဆွဲယူရလွယ်စေပါတယ်။ အဲဒီအခါ လက်နဲ့ စမ်းသပ်ရ ပိုလွယ်သွားပါလိမ့်မယ်။

အဆင့် (၂) ကပ္ပာယ်အိတ်ကို စစ်ဆေးပါ။ တစ်ခါတည်း ဝှေးစေ့နှစ်ခုစလုံးကိုပါ အရွယ်အစား တူရဲ့လား စစ်ဆေးပါ။

အဆင့် (၃) ဝှေးစေ့တွေကို လက်နှစ်ဖက်စလုံး နဲ့ ညင်ညင်သာသာ စစ်ဆေးပါ။ လက်ညှိုးနဲ့ လက်ခ လယ်ကို ဝှေးစေ့အောက်မှာထားပြီး လက်မကို အပေါ်မှာထားကာ ကိုင်တွယ်ပါ။ အဖုအလုံး အကျိတ် တွေရှိ၊ မရှိ စစ်ဆေးပါ။ဝှေးစေ့နှစ်ခုစလုံးက ကြက်ဥပြုတ်မာမာလို ချောမွေ့နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ခဲ့ရင်တောင် လန့်မသွားပါနဲ့။ အမျိုးသားအများစုက ဝှေးစေ့အောက်မှာရှိတဲ့ သုက် လှောင်ပြွန်နဲ့မှားတတ်ပါတယ်။ သင့်အနေနဲ့ မသေချာဘူးထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်ပါတယ်။

(Ref;MH)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top