Healthy Life Ad
Q & A

သုက်ရည်နည်းလို့ ဆေးလိုချင်ပါတယ် . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကလေးမရလို့ စိတ်ဆင်းရဲနေပါတယ်ဆရာ။ ကျွန်တော့်မှာ အားနည်းတာပါ။ သုက်ရည်နည်းနေတယ် ဆရာ။ ကျွန်တော့်ကို ဆေးနည်းပေးပါဆရာ။

ချစ်စန်းနိုင် ဘဝ(FB)

A. သာမန်လူတွေအနေနဲ့ကတော့ သုက်ရည်နည်းတယ်လို့ ပြောလိုက်တာပါ။ ဆရာဝန်တွေအနေနဲ့က ဘာသိဖို့ လိုသလဲဆိုတော့ ၃ ရက်ကို ကိုယ့်ခန္ဓာကိုယ်ထဲက သုက်ရည်ကိုမထုတ်ဘဲနဲ့ (လိင်ဆက်ဆံမှုလည်း မပြုရ၊ ကိုယ့်ဘာသာလည်း မထုတ်ရ) ထွက်လာတဲ့သုက်ကို စစ်ဆေးမယ်ဆိုရင် ပုံမှန်ထွက်သင့်တဲ့ သုက်ရည်ထွက်ပါတယ်။ အဲဒီသုက်ရည်ကို မိုက်ခရိုစကုပ်အောက်မှာ ကြည့်မယ်ဆိုရင် သုက်ပိုးအရေအတွက် ပုံမှန်ရှိသလား၊ သုက်ပိုးပုံသဏ္ဍာန်မှန်ရဲ့လား၊ လှုပ်ရှားမှုကောင်းရဲ့လား စတာတွေကို သိနိုင်ပါတယ်။ ဒါတွေက ပုံမှန်ရှိတယ်ဆိုရင် အမျိုးသားကြောင့် ကိုယ်ဝန်မရနိုင်တာ မဖြစ်နိုင်တဲ့အတွက် အမျိုးသမီးကြောင့် ကိုယ်ဝန်မရတာလားဆိုပြီး ရှာရပါမယ်။ အမျိုးသားကိုစစ်လိုက်လို့ သုက်က လုံးဝမပါဘူးဆိုရင်တော့ ဘယ်လိုမှ ကလေးမရနိုင်ပါဘူး။ သုက်တော့ပါတယ်၊ ပုံသဏ္ဍာန်သိပ်မမှန်ဘူး၊ လှုပ်ရှားမှုလည်း နည်းတယ်ဆိုရင် ဆေးပေးပြီး တိုးတက်အောင် လုပ်လို့ရပါတယ်။ သုက်လမ်းကြောင်းမှာ ပြည်စလေးတွေပါရင် ပိုးဝင်လို့သုက်သေတယ်လို့ ယူဆတဲ့အခါ ဆေးကုသမှုခံယူရပါမယ်။ ဒါကြောင့် ဘာဆေးသောက်ပါဆိုပြီး ဒီအတိုင်းပြောလို့ မရပါဘူး။ အရေအတွက် လုံးဝမပါတာလား၊ နည်းနည်းပဲပါတာလား၊ ပုံမှန်ပါပြီး ပုံသဏ္ဍာန်၊ လှုပ်ရှားမှု လျော့နည်းနေတာလား စတဲ့အချက်တွေပေါ် မူတည်ပြီး သင့်တော်တဲ့ ဆေးကုသမှု ပေးရမှာဖြစ်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသမှုခံယူပါ။ သုက်ထွက်ပြီး နည်းတာလေးတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။

Most Popular

Healthy Life Ad
To Top