Healthy Life Ad
Health Tips

ငှက်ပျောသီးစားတာကြောင့် ဘယ်လိုရောဂါဝေဒနာတွေကို သက်သာစေသလဲ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ငှက်ပျောသီးကို ပန်းသီးနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် ပရိုတင်းဓာတ်ပါဝင်မှု လေးဆ၊ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု နှစ်ဆ၊ ဖော့စ်ဖရပ်စ်ပါဝင်မှု သုံးဆ၊ ဗီတာမင်အေနဲ့ သံဓာတ်ပါဝင်မှု ငါးဆ၊ တခြားဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှု နှစ်ဆပိုရှိပါတယ်။ ငှက်ပျောသီးစားတာကြောင့် အောက်ပါ ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေပါတယ်။

– အစာအိမ်အနာ

ငှက်ပျောသီးရဲ့နူးညံ့မှုနဲ့ ချောမွေ့မှုတွေကြောင့် အစာအိမ်အူလမ်းကြောင်းဝေဒနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အစာအိမ်အက်ဆစ်ဓာတ်လွန်ကဲမှုကို ချေဖျက်နိုင်ပြီး အစာအိမ်နံရံပွန်းပဲ့တာကို လျော့ကျစေပါတယ်။

– ကိုယ်အလေးချိန်များခြင်းနှင့် လုပ်ငန်းခွင်ဖိစီးမှုများခြင်း

လုပ်ငန်းခွင်မှာဖိအားများရင် ချောကလက်နဲ့အာလူးချောင်းကြော်လို အစာတွေကိုစားပြီး စိတ်သက်သာရာရအောင် နေသင့်တယ်လို့ သြစတြေးလျ စိတ်ပညာတက္ကသိုလ်လေ့လာမှုတွေအရ သိရပါတယ်။ ဆေးရုံတက်နေရတဲ့ လူနာ ၅၀ဝ၀ ကျော်ကို လေ့လာခဲ့တဲ့အခါ အဝလွန်ဆုံးလူနာတွေက ဖိအားများတဲ့အလုပ်တွေကို လုပ်ဖြစ်နှုန်းပိုများတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လုပ်ငန်းခွင်မှာ ဖိအားများတဲ့အခါ စိတ်ဖိစီးမှုလျော့ကျစေဖို့ နှစ်နာရီကြာတိုင်း ငှက်ပျောသီးတစ်လုံးစားပေးတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

– ရင်ပူခြင်း

ငှက်ပျောသီးမှာ သဘာဝအက်ဆစ်တား အာနိသင်ရှိတာကြောင့် ရင်ပူဝေဒနာခံစားနေရရင် ငှက်ပျောသီးတစ်လုံး စားလိုက်ပါ၊ ရင်ပူတာ သက်သာသွားပါလိမ့်မယ်။

– ခြင်ကိုက်ခြင်း

ခြင်ကိုက်ခံရတဲ့အခါ ငှက်ပျောခွံအတွင်းသားနဲ့ ခြင်အကိုက်ခံရတဲ့အရေပြားကို ပွတ်ပေးလိုက်ပါ။ ဒါဆိုရင် အရေပြားရောင်ရမ်းမှုနဲ့ စပ်ဖျဉ်းဖျဉ်းမသက်မသာ ဝေဒနာဖြစ်မှုတွေကို လျော့ပါးစေပါတယ်။

– မှတ်ဉာဏ်ကောင်းမွန်ခြင်း

အင်္ဂလန်က ကျောင်းသား ၂၀ဝ ဦးကို လေ့လာမှုအရ စာမေးပွဲဖြေချိန်တွေမှာ နံနက်စာ၊ သရေစာနဲ့ နေ့လယ်စာတွေမှာ ငှက်ပျောသီးစားပေးတာကြောင့် သူတို့ရဲ့ဦးနှောက်အစွမ်းနဲ့ မှတ်ဉာဏ်တွေကို သိသိသာသာကောင်းမွန် တိုး တက်စေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအရ ပိုတက်ဆီယမ် ပါဝင်မှုများတဲ့ ငှက်ပျောသီးဟာ တပည့်တွေကိုဉာဏ်ပိုထက်စေပြီး လေ့လာသင်ယူမှုအားကို ပိုကောင်းလာစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

– အာရုံကြောများ အနားရခြင်း

ငှက်ပျောသီးမှာ ဗီတာမင်ဘီပါဝင်မှု မြင့်မားတဲ့အတွက် အာရုံကြောစနစ်ကို အနားရစေပါတယ်။

– အရက်နာကျခြင်း

အရက်နာကျတဲ့ဝေဒနာကို အမြန်ဆုံးကုသနိုင်တဲ့ နည်းလမ်းတစ်ရပ်က ပျားရည်ခတ်ထားတဲ့ ငှက်ပျောသီးနို့ဖျော်ရည် သောက်ပေးဖို့ပဲဖြစ်ပါတယ်။ ငှက်ပျောသီးက အစာအိမ်ဝေဒနာတွေကို သက်သာစေပြီး ပျားရည်က သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပါတယ်။ နွားနို့က ကိုယ်တွင်းစနစ်ကို ရေဓာတ်ပြည့်ဝစေပါတယ်။

– သွေးတိုးခြင်း

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်မှု အလွန်မြင့်မားပြီး ဆားပါဝင်မှုနည်းတာကြောင့် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားတဲ့သူတွေက သွေးတိုးတာနဲ့ လေဖြတ်တာတို့ လျော့ကျမှုရှိတယ်လို့ အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က ဆိုပါတယ်။

– ဝမ်းချုပ်ခြင်း

ငှက်ပျောသီးမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဝမ်းနုတ်ဆေးသောက်စရာမလိုဘဲ အူမကြီးလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

– ရာသီအကြိုဝေဒနာ ဖြစ်ခြင်း

ရာသီအကြိုဝေဒနာလက္ခဏာတွေ ခံစားနေရရင် ငှက်ပျောသီးတစ်လုံး စားလိုက်ပါ။ ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် B6 က သွေးတွင်းဂလူးကို့စ်ဓာတ်ကို ဟန်ချက်ညီမျှစေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

– စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျဝေဒနာ ခံစားနေရသူတွေမှာ ငှက်ပျောသီးတစ်လုံးစားပြီး စိတ်ခံစားမှုသိသိသာသာ ကောင်းမွန်လာပါလိမ့်မယ်။ ငှက်ပျောသီးမှာ ထရစ်ပတိုဖန်ပရိုတင်းတစ်မျိုး ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲရောက်ချိန်မှာ ဆီရိုတိုနင်အဖြစ်ပြောင်းလဲသွားပြီး စိတ်အပန်းပြေသွားပါတော့တယ်။ ဒါ့အပြင် စိတ်ခံစားမှုကောင်းမွန်ပြီး ပိုမိုပျော်ရွှင်စေပါတယ်။

(Ref;ID)

Most Popular

Healthy Life Ad
To Top