Healthy Life Ad
Health Tips

ခန္ဓာကိုယ်အနေအထား မမှန်ခြင်းနှင့် ပတ်သက်သော အယူအဆမျာ

———၊ ငွေကြယ်စင်ယံ ၊———

ခန္ဓာကိုယ်အနေအထားကို မှန်မှန်ထားရင် ခါးနောက်ကျောနာတာ၊ လည်ပင်းနာတာ၊ ခြေထောက်သွေးကြောထုံးတာ စတာတွေမဖြစ်အောင် ကာကွယ်နိုင်သလား။ ခန္ဓာကိုယ်အနေအထား မမှန်တာနဲ့ ဆက်စပ်နေတဲ့ အယူအဆတွေအကြောင်းကို အမှန်အတိုင်းသိစေဖို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

အယူအဆ(၁)

ပခုံးလျှောပြီး ထိုင်တာက ကြည့်ရဆိုးတာ တစ်ခုပါပဲ။ ကြာရှည်ထိခိုက်မှု မဖြစ်နိုင်ပါဘူး။

အမှန်

ကိုယ်ဟန်အနေအထား မမှန်တာကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲအန္တရာယ်တွေက အများကြီးပါ။ ပခုံးလျှောထိုင်တဲ့အခါ ဦးခေါင်းကလည်း ရှေ့ကို ငိုက်ကျနေတတ်ပါတယ်။ ပခုံးတွေအပေါ်လည်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာ၊ ပခုံးနာတာ၊ မေးရိုးနာတာ၊ ခါးနာတာတွေကို ဖြစ်စေနိုင်ပါတယ်။

အယူအဆ (၂)

ခြေထောက်ချိတ်ထိုင်ရင် ခြေထောက်သွေးကြောထုံးတာကို ဖြစ်စေနိုင်ပါတယ်။

အမှန်

အပြည့်အဝမမှန်ပါဘူး။ ဒါပေမဲ့ ခြေထောက်ချိတ်ပြီး ထိုင်တာက မကောင်းတဲ့ ဆိုးကျိုးတွေကိုတော့ ဖြစ်စေနိုင်ပါတယ်။ ခြေထောက်ချိတ်ပြီး ထိုင်တာကြောင့် ခါးအောက်ပိုင်းနာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက်ချိတ်ပြီး ထိုင်တာကြောင့် ခြေထောက်အပေါ် ဖိအားကျရောက်စေကာ ခြေထောက်သွေးပြန်ကြောတွေကို သိသိသာသာ မြင်ရစေပါတယ်။ ခြေထောက်သွေးကြောတွေက ပင့်ကူမျှင်လို ဖြစ်တာက ခြေထောက်ချိတ်ပြီးထိုင်တဲ့ အမျိုးသမီးတွေမှာ အတွေ့ရများပါတယ်။

အယူအဆ(၃)

အံကြိတ်တာက မေးရိုးအဆစ်တွေကို တောင့်တင်းစေပါတယ်။

အမှန်

စိတ်ဖိစီးမှုတွေ၊ ပူပင်သောက၊ ဒေါသထွက်စရာတွေ ကြုံရတဲ့အခါမှာ အံကြိတ်မိတတ်ပါတယ်။ ဒါကြောင့် အံကြိတ်တာ၊ သွားကြိတ်တာတွေက မေးရိုးအဆစ်တွေအပေါ် တင်းအားသက်ရောက်စေကာ မေးရိုးအဆစ်တွေကို ထိခိုက်စေပါတယ်။ အဲဒီအခါ ခေါင်းကိုက်တာ၊ လည်ပင်းနာတာနဲ့ ခါးအပေါ်ပိုင်းနာကျင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

အယူအဆ(၄)

အနေအထားမမှန်တာရဲ့ ဆိုးကျိုးကို လျော့ကျအောင် လုပ်နိုင်တာမရှိဘူး။

အမှန်

မမှန်ပါဘူး။ ပခုံးလျှောထိုင်တာကြောင့်ဖြစ်တဲ့ ပခုံးနဲ့ကျောတွေရဲ့ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းတွေ ရှိပါတယ်။ ပခုံး၊ လည်ပင်းနဲ့ ခါးနောက်ကျောနေရာတွေကို ဒဏ်မဖြစ်အောင် ဆွဲဆန့်လေ့ကျင့်ခန်းနဲ့ အလေးမလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

အယူအဆ(၅)

အနေအထားမမှန်တာက မျိုးရိုးလိုက်တာဖြစ်လို့ မှန်အောင်ပြုပြင်လို့ မရပါဘူး။

အမှန်

အနေအထားမမှန်တာက မျိုးရိုးလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အနေအထားမှန်အောင် ပြုပြင်ယူလို့ရပါတယ်။ ခါးနဲ့ကျောကို ဆန့်ပြီးရပ်တာ၊ ထိုင်တာတွေကို လုပ်ပေးရင်၊ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ကျောရိုးကြွက်သားတွေကို ရှပ်ပြီးနေရင် မတ်မတ်ထိုင်နိုင်ဖို့၊ မတ်မတ်ရပ်နိုင်ဖို့ လွယ်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

အယူအဆ (၆)

ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ပြီး မနားမနေအလုပ်လုပ်တာက ခန္ဓာကိုယ်အနေအထားကို ထိခိုက်စေနိုင်ပါတယ်။

အမှန်

မှန်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်တာက လည်ပင်းတွေကို ရှေ့ကိုငေါထွက်စေပြီး ပခုံးတွေကို ကုန်းသွားစေပါတယ်။ သင့်အနေနဲ့ သတိထားပြီး မတ်မတ်မနေနိုင်ရင် ခါးနောက်ကျောနဲ့ လည်ပင်းတွေကို နာကျင်စေပါတယ်။ အလုပ်မှာ ဖုန်းကို အကြာကြီးပြောနေရင် လည်ပင်းကြွက်သားတွေမှာ ဒဏ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာသုံးချိန် တစ်နာရီကြာတိုင်း အနားယူပေးတာ၊ အကြောဆန့်ပေးတာတွေကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top