Healthy Life Ad
Q & A

သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ

ယခင်တစ်ပတ်မှအဆက်

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

သက်ကြီးရွယ်အိုတွေအတွက် ရွေးချယ်သင့်တဲ့ ဆီးချိုဆေးများ

Sulfonylurea ဆေးအုပ်စု

ရှေးယခင်ကတည်းက သုံးလာခဲ့ပြီး အခုထိအသုံးများတဲ့ Sulfonylureas (ဆာဖော်နိုင်ယူရီးယား) ဆေးအုပ်စုကိုတော့ ရောဂါမျိုးစုံ ရှုပ်ထွေးနေတဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးသတိနဲ့ သုံးသင့်ပါတယ်။ အရင်က ပေါ်ခဲ့ဖူးတဲ့ Gliburide နဲ့ glibenclamide တွေကိုတော့ သက်ကြီးရွယ်အို တွေမှာ လုံးဝမသုံးသင့်တော့လို့ အခုဈေးကွက်မှာလည်း ရောင်းတာမရှိတော့ပါဘူး။ နောက်ပိုင်း ပေါ်လာတဲ့ Gliclazide, Gliclazide MR,Glimepiride နဲ့ Glipizide ဆေးတွေကတော့ သွေးချိုကျလွန်တဲ့ပြဿနာ သိပ်မများလို့ ရွေးချယ်နိုင်တဲ့ ဆေးတွေဖြစ်ပါတယ်။ ဒီဆေးတွေရဲ့ ကောင်းတဲ့အချက်တွေကတော့ ထိရောက်စွာ သွေးချိုချနိုင်ခြင်း၊ ဗိုက်မကောင်းတာ၊ အစားပျက်တာမရှိလို့ လူနာကြိုက်ခြင်း၊ ဈေးနှုန်းချိုသာခြင်း စတာတွေကြောင့် အသုံးများကြပါတယ်။ သွေးချိုကျလွန်တဲ အန္တရာယ်ကတော့ သတိထားရပါမယ်။ ဒါကြောင့် ကျန်းမာပြီး ရောဂါရှုပ်ထွေးမှုတွေမရှိရင်၊ သိပ်မဝရင် မက်ဖော်မင်အနောက်မှာ လိုက်လို့ရပါတယ်။ ကျန်းမာနေတဲ့ သက်ကြီးရွယ်အိုတွေမှာ သတိနဲ့သုံးရင် သွေးချိုကျလွန်တာ ရှောင်လွှဲနိုင်ပါတယ်။ သက်ကြီးရွယ်အို ဘိုးဘိုး၊ ဘွားဘွားတွေကို ဒီဆေးပေးထားရင် အနီးကပ်စောင့်ရှောက်သူတွေ၊ သွေးချိုစစ်ဆေးပေးခြင်းတွေ လုပ်ဖို့လိုပါတယ်။

“လူတွေဟာ ဆီးချိုကုသရာမှာ သွေးချိုကျလွန်ခြင်းနဲ့ အဝလွန်ခြင်း ပြဿနာတွေကို ရှောင်နိုင်မယ့် ဆေးသစ်တွေရှာဖွေကြရာမှ ပေါ်ပေါက်လာတဲ့ ဆေးသစ်တွေကတော့ GLP-1 agonist နဲ့ SGLT2 inhibitors တွေပဲ ဖြစ်ပါတယ်။ ကျန်းမာပြီး အဝလွန်နေတဲ့ အဘိုးအဘွားတွေဆိုရင် GLP-1 agonists တွေဖြစ်တဲ့ Liraglutide ထိုးဆေးတွေ သုံးနိုင်ပါတယ်။ ဒီဆေးတွေဟာ” . . .

ယခုနောက်ပိုင်း သွေးချိုကုလမ်းညွှန်တွေမှာ Metformin မက်ဖော်မင်နဲ့ DPP-4 inhibitors ဆေးတွေနဲ့ မနိုင်တော့မှသာ ဒီ Sulfonylureas အုပ်စုကို ရွေးချယ်အသုံးပြုဖို့ ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။

နောက်ဆုံးပေါ် ဆီးချိုဆေးသစ်များ (GLP-1 agonist and SGLT2 inhibitors)

လူတွေဟာ ဆီးချိုကုသရာမှာ သွေးချိုကျလွန်ခြင်းနဲ့ အဝလွန်ခြင်း ပြဿနာတွေကို ရှောင်နိုင်မယ့် ဆေးသစ်တွေရှာဖွေကြရာမှ ပေါ်ပေါက်လာတဲ့ ဆေးသစ်တွေကတော့ GLP-1 agonist နဲ့ SGLT2 inhibitors တွေပဲဖြစ်ပါတယ်။ ကျန်းမာပြီး အဝလွန်နေတဲ့ အဘိုးအဘွားတွေဆိုရင် GLP-1 agonists တွေဖြစ်တဲ့ Liraglutide ထိုးဆေးတွေ သုံးနိုင်ပါတယ်။ ဒီဆေးတွေဟာ သွေးချိုကျလွန်တဲ့ အန္တရာယ်မရှိတဲ့အပြင် ကိုယ်အလေးချိန်ကျတယ်၊ နှလုံးကောင်းတယ်၊ ကျောက်ကပ်ကောင်းတယ်ဆိုတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ထိုးဆေးဖြစ်နေတာနဲ့ ဈေးကြီးတာကြောင့် အသုံးပြုနိုင်သူ သိပ်မများပါဘူး။

နောက်ဆေးသစ်တစ်ခုကတော့ SGLT-2 inhibitors တွေဖြစ်တဲ့ Empagliflozin, Canagliflozin နဲ့ Dapagliflozin သောက်ဆေးတွေ ဖြစ်ပါတယ်။ ဒီဆေးတွေဟာ အမျိုးအစား (၂) ဆီးချိုလူနာတွေအတွက် အလွန်အကျိုးရှိတဲ့ ဆေးတွေဖြစ်ပါတယ်။ ထူးခြားတဲ့ အရည်အချင်းကတော့ မလိုဘဲ ပိုလျှံနေတဲ့ သွေးတွင်းသကြားဓာတ်တွေကို ကျောက်ကပ်မှတဆင့် ဆီးထဲကနေ ပြင်ပသို့ စွန့်ထုတ်လိုက်တဲ့အတွက် အဆိပ်အတောက်တွေ ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားပါတယ်။

နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top