Healthy Life Ad
Health Tips

ဆီးမထိန်းနိုင်အောင် လှုံ့ဆော်ပေးနိုင်သော အရာ ၉ မျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဆီးအိမ်ကို လှုံ့ဆော်ပေးတဲ့ အရာတွေကြောင့် ဆီးစိမ့်ထွက်တာကို ဖြစ်စေနိုင်ပါတယ်။ လူကြားထဲမှာ ဆီးစိမ့်ထွက်ရင် စိတ်အနှောင့်အယှက်ဖြစ်ရတာကြောင့် ဆီးအိတ်ကို လှုံ့ဆော်ပေးတဲ့ အရာတွေကို ဆင်ခြင်ရပါမယ်။

(၁) အားရပါးရရယ်မောခြင်းနှင့် နှာချေခြင်း
ဘာကြောင့် ဆီးစိမ့်ထွက်ရသလဲ

ဆီးအိမ်နဲ့ ဆီးပြွန်ချောင်းတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပဆုံကြွက်သားတွေ အားနည်းချိန်မှာ ရယ်လိုက်တဲ့အခါ ဆီးအိတ်နဲ့ ဆီးပြွန်ချောင်းတွေကြားက ညှစ်ကြွက်သားဟာ ထင်သလောက် တင်းမထားနိုင်တော့ပါဘူး။

ဘာလုပ်သင့်သလဲ

မကြာခဏ ဆီးသွားပေးပါ။ ဆီးသွားချိန်မှာ ဆီးတွေအကုန်အစင် သွားပြီးတဲ့အထိ မိနစ်အနည်းငယ်စောင့်ပါ။ တင်ပဆုံကွင်းကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။ အိမ်သာမသွားရသေးဘူးဆိုရင် တစ်ယောက်ယောက်က ရယ်မောအောင် စနောက်ချိန်မှာ ဟားတိုက်မရယ်ပါနဲ့။ စိတ်ကိုထိန်းပြီး ပြုံးရုံပဲပြုံးပါ။

(၂) ပြေးခြင်း၊ ကြိုးခုန်ခြင်းနှင့် အခြားအားကစား
ဘာကြောင့် ဆီးစိမ့်ထွက်ရသလဲ

အားကစားကြောင့် ဆီးစိမ့်ထွက်တာကို ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်းလို့ ခေါ်ပါတယ်။ တင်ပဆုံကွင်း ကြွက်သားတွေ အားနည်းတဲ့အခါ ဆီးအိမ်ကြွက်သားတွေနဲ့ ဆီးပြွန်ချောင်းက အပြည့်အဝ တင်းမထားနိုင်တော့ပါဘူး။ ပြေးတာ၊ ကြိုးခုန်တာ၊ ဘောလုံးကန်တာလို ပြင်းထန်တဲ့ အားကစားတွေကြောင့် ဆီးစိမ့်ထွက်တတ်ပါတယ်။

ဘာလုပ်သင့်သလဲ

အားကစားကြောင့် ဆီးစိမ့်ထွက်တတ်လို့ အားကစားမလုပ်တော့ဘဲ မနေပါနဲ့။ ရှက်ရွံ့မနေဘဲ ဆရာဝန်နဲ့တိုင်ပင်ပါ။ ဆရာဝန်က Kegel လေ့ကျင့်ခန်းကို သင်ပေးပါလိမ့်မယ်။ ရေကို အလွန်အကျွံမသောက်ပါနဲ့။ အားကစားမလုပ်ခင် ရေတစ်ဖန်ခွက် အပြည့်သောက်တာက များလွန်းနေတာကြောင့် လျှော့သောက်ပါ။ အားကစားလုပ်ပြီးမှ ထပ်သောက်ပါ။

(၃) Sex
ဘာကြောင့် ဆီးစိမ့်ထွက်ရသလဲ

Sex ကြောင့် ဝမ်းဗိုက်၊ ဆီးပြွန်ချောင်းနဲ့ ဆီးအိတ်တွေပေါ်ကို ဖိအားသက်ရောက်ကာ ဆီးစိမ့်ထွက်ရတာပါ။

ဘာလုပ်သင့်သလဲ

Sex ကိစ္စမတိုင်ခင် တစ်နာရီအလိုမှာ ဘာအရည်ကိုမှ မသောက်ပါနဲ့။ Sex ကိစ္စမတိုင်ခင် အိမ်သာသွားပါ။ ဆီးအိမ်ကြွက်သားတွေကို ကျုံ့လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ရတဲ့ Kegel လေ့ကျင့်ခန်းကို လုပ်ပါ။

(၄) အရက်
ဘာကြောင့် ဆီးစိမ့်ထွက်ရသလဲ

အယ်လ်ကိုဟောဟာ ဆီးအိမ်ကို လှုံ့ဆော်စေရုံသာမက ဆီးရွှင်စေတဲ့ အစွမ်းလည်းရှိတာကြောင့် ဆီးမထိန်းနိုင်တာကို နှစ်ဆဖြစ်စေတဲ့အရာပါ။

ဘာလုပ်သင့်သလဲ

အရက်ကို မသောက်တာကတော့ အကောင်းဆုံးပါ။ မသောက်ဘဲ မနေနိုင်ရင်တော့ အကန့်အသတ်နဲ့ သောက်ပါ။ အထူးသဖြင့် ရေဓာတ်အခြေခံ ဂျင်အရက်ဟာ ဝီစကီထက် ဆီးအိမ်ကို ပိုလှုံ့ဆော်စေနိုင်ပါတယ်။ အရက်ကို အချိုရည်၊ ချဉ်တဲ့ဖျော်ရည်တွေနဲ့ ရောသောက်ရင် ဆီးမထိန်းနိုင်တာကို ပိုဖြစ်စေနိုင်ပါတယ်။

(၅) ကော်ဖီနှင့် လက်ဖက်ရည်
ဘာကြောင့် ဆီးစိမ့်ထွက်ရသလဲ

ကဖင်းဓာတ်မှာ ဆီးရွှင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ဆီးမထိန်းနိုင်တာကို ဖြစ်စေနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ

ကဖင်းဓာတ်ကို တတ်နိုင်သမျှ လျှော့ပါ။ ကော်ဖီအပြင် လက်ဖက်ရည်၊ ချောကလက် စတာတွေမှာလည်း ကဖင်းဓာတ်ပါဝင်နေပါတယ်။ ဒါကြောင့် နံနက်ခင်း တစ်ချိန်တည်းမှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို တွဲမသောက်ပါနဲ့။

(၆) ဆေးဝါး
ဘာကြောင့် ဆီးစိမ့်ရတာလဲ

ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေရှိ ကြွက်သားတွေကို အနားရစေတဲ့ ဆေးဝါးတွေဟာ ဆီးအိမ်နဲ့ ဆီးပြွန်ချောင်းကကြွက်သားတွေကိုပါ အနားရစေပါတယ်။ ဒါပေမဲ့ ဆေးတချို့ကတော့ ဆီးမထိန်းနိုင်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဥပမာပြောရရင် သွေးကျဆေးတချို့၊ ဆီးဆေးတချို့၊ စိတ်ကျရောဂါ ကုသဆေးတချို့၊ အိပ်ဆေးတချို့ စတာတွေပဲ ဖြစ်ပါတယ်။

ဘာလုပ်သင့်သလဲ

ဆေးတွေကိုမမှီဝဲခင် ဘေးထွက်ဆိုးကျိုးကို စစ်ဆေးပါ။ သင်သောက်နေတဲ့ ဆေးတွေကြောင့် ဆီးမထိန်းနိုင်တာ၊ ဆီးအိတ်ပြဿနာ စတာတွေလို ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေရရင် ဆရာဝန်ကို ဆေးပြောင်းပေးဖို့ ပြန်လည်ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

(၇) ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဘာကြောင့် ဆီးစိမ့်ထွက်ရသလဲ

ဆီးလမ်းကြောင်းပိုးဝင်တာက ဆီးအိမ်ကို လှုံ့ဆော်တာကြောင့် မကြာခဏ ဆီးသွားလိုစိတ် ပြင်းပြတတ်ပါတယ်။

ဘာလုပ်သင့်သလဲ

ဆီးလမ်းကြောင်းပိုးဝင်တာကို စစ်ဆေးပြီး ဝင်တဲ့ပိုးအမျိုးအစားအလိုက် ဆေးကုသမှုခံယူပါ။ ပဋိဇီဝပိုးသတ်ဆေး သောက်တဲ့အခါ ဆေးပတ်လည်တဲ့အထိ သောက်ပါ။

(၈) ကျပ်လွန်းသော ဂျင်းဘောင်းဘီ
ဘာကြောင့် ဆီးစိမ့်ထွက်ရသလဲ

ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ မိန်းမကိုယ်ပိုးဝင်တာ မဖြစ်အောင် ကာကွယ်ဖို့ အဝတ်အစား ချောင်ချောင်ချိချိဝတ်ပါလို့ ဆရာဝန်တွေက ညွှန်ကြားတတ်ပါတယ်။ ကျပ်လွန်းတဲ့ ဘောင်းဘီဝတ်တဲ့အခါ အစိုဓာတ်ကို ခြောက်သွေ့အောင် လေကမဝင်နိုင်တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားနေနိုင်လို့ပါ။

ဘာလုပ်သင့်သလဲ

ကျပ်တဲ့ဘောင်းဘီဝတ်ချင်ရင် သင့်ထက် နံပါတ်တစ်ဆိုက်ကြီးတာကို ဝတ်ပါ။ အတွင်းခံဘောင်းဘီက စိုနေရင် အသစ်လဲပေးပါ။ နိုင်လွန်သားနဲ့ လုပ်ထားတဲ့ ဘောင်းဘီအစား ချည်သားဝတ်ပါ။

(၉) ဝမ်းချုပ်ခြင်း
ဘာကြောင့် ဆီးစိမ့်ထွက်ရတာလဲ

အူမကြီးနဲ့ အစာဟောင်းအိမ်အောက်ပိုင်းဟာ ဆီးအိတ်နားမှာ ရှိတာကြောင့် တူညီတဲ့နာ့ဗ်ကြောတွေကို မျှဝေသုံးရပါတယ်။ အစာဟောင်းအိမ်ထဲမှာ ဝမ်းချုပ်နေရင် နာ့ဗ်ကြောတွေက တက်ကြွလွန်ပြီး ဆီးမထိန်းနိုင်တာကို ဖြစ်စေနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ

အမျှင်ဓာတ်များတဲ့ အစာစားပြီး ဝမ်းမှန်အောင် ကြိုးစားပါ။ ရေများများသောက်ပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။ အဲဒီအပင်ထွက်ပစ္စည်းတွေထဲက ရေဓာတ်ဟာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top