Healthy Life Ad
Q & A

နာတာရှည် အိပ်မပျော်ခြင်း

————၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊————-

Q. တညတလေ အိပ်မပျော်တာမဟုတ်ဘဲနဲ့ တချို့သူတွေက လနဲ့ချီပြီး၊ တချို့က နှစ်နဲ့ချီပြီး အိပ်မပျော်တာတွေ ရှိတတ်ကြပါတယ်။ အဲဒီလို နာတာရှည်အိပ်မပျော်တာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. အိပ်မပျော်ဘူးဆိုတာက အိပ်စက်မှုကာလမှာ အပိုင်းလိုက်ပြောရပါမယ်။

(၁) တချို့လူတွေ အိပ်မပျော်ဘူးဆိုတာကစပြီး အိပ်ကတည်းက အိပ်လို့မပျော်တာ၊

(၂) တချို့ကျတော့လည်း အိပ်တယ်၊ ပြီးရင် တညလုံးနိုးနေတာ၊

(၃) တချို့ကတော့လည်း တစ်ညလုံးအိပ်မပျော်ဘူး၊ မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ၊

(၄) တချို့ကျတော့လည်း စောစောအိပ်ပြီး ညသန်းခေါင်မှာ နိုးလာတာ စသဖြင့် အိပ်မပျော်တဲ့ပုံစံက အမျိုးမျိုးရှိပါတယ်။ တချို့ကျတော့ စအိပ်ကတည်းက ဘယ်လိုမှကို အိပ်မပျော်တာမျိုးပါ။

လနဲ့ချီပြီး၊ နှစ်နဲ့ချီပြီး အိပ်မပျော်တာက အခြေအနေအကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ တချို့လည်းရောဂါကြောင့်၊ တချို့လည်းပတ်ဝန်းကျင်ကြောင့်၊ တချို့လည်း ကိုယ်ရဲ့လူမှုရေးကိစ္စတွေကြောင့် အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။

Q. ဘယ်လိုရောဂါတွေကြောင့် နာတာရှည်အိပ်မပျော်တာ ဖြစ်တတ်ပါသလဲ ဆရာ။

“စမတ်ဖုန်း၊ ကွန်ပျူတာသုံးတဲ့အခါ အချိန်ကိုကန့်သတ်ဖို့ လိုပါတယ်။ အိပ်ခါနီး နှစ်နာရီခန့်အလိုမှာ မသုံးဖို့ ပညာရှင်တွေက သတိပေးထားပါတယ်။ နောက်ပြီး အိပ်ခန်းက မီးလင်းမနေဖို့၊ အေးမြနေဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ချက်က ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရင် သွေးလှည့်ပတ်မှုကောင်းစေကာ အိပ်ပျော်စေပါတယ်။”

A. ဥပမာပြောရရင် ဆီးနဲ့ပတ်သက်တဲ့ရောဂါ၊ အထူးသဖြင့် အမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာတွေဖြစ်ရင် ညဘက် ဆီးခဏခဏထသွားရတဲ့အခါ အိပ်မပျော်ဖြစ်တတ်ပါတယ်။ အစာအိမ်အောင့်တာ၊ နှလုံးရောဂါဖြစ်တာ၊ ပန်းနာရင်ကျပ်ရောဂါရတာ စတဲ့အခြေအနေတွေဖြစ်ရင်လည်း အိပ်လို့မရဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ကလေးမွေးထားတဲ့ မိခင်တွေမှာ ကလေးနိုးတာနဲ့ မိခင်ကထပြီး ပြုစုစောင့်ရှောက်ရလို့ အိပ်လို့မရဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က ဆီးဆေးတွေသောက်ပြီး ဆီးထသွားရလို့ အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးဆေးတွေကို မနက်ပိုင်းမှာသောက်ဖို့ ဆရာဝန်တွေက ပေးလေ့ရှိပါတယ်။

Q. နေထိုင်စားသောက်မှုပုံစံကြောင့်ကော အိပ်မပျော်တာ ဖြစ်တတ်ပါသလား ဆရာ။

A. ဖြစ်တတ်ပါတယ်။ အချိန်နောက်ကျမှ ထမင်းစားမိတာ၊ အချိန်နောက်ကျမှ ကော်ဖီသောက်မိတာ၊ အရက်အလွန်အကျွံသောက်မိတာ၊ ဆေးလိပ်သောက်တာတွေကလည်း အိပ်မပျော်တာနဲ့ ဆက်စပ်မှုရှိပါတယ်။ နောက်တစ်ချက်က ကိုယ့်အခန်းအပူချိန်က အရမ်းမြင့်နေရင်လည်း ပူပြီးအိပ်မပျော်တာ ဖြစ်တတ်ပါတယ်။ မီးလင်းနေရင်၊ အခန်းကသန့်ရှင်းမှုမရှိရင် အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်း ခေတ်ကာလအခြေအနေအရ စမတ်ဖုန်းသုံးတယ်၊ အင်တာနက်တွေသုံးတယ်ဆိုရင် စမတ်ဖုန်းစကရင်က မျက်လုံးရဲ့အိပ်ချင်စိတ်ကို ပြေပျောက်စေပြီး လန်းသွားတတ်ပါတယ်။

Q. နာတာရှည်အိပ်မပျော်တဲ့သူတွေအနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

A. စမတ်ဖုန်း၊ ကွန်ပျူတာသုံးတဲ့အခါ အချိန်ကိုကန့်သတ်ဖို့ လိုပါတယ်။ အိပ်ခါနီး နှစ်နာရီခန့်အလိုမှာ မသုံးဖို့ ပညာရှင်တွေက သတိပေးထားပါတယ်။ နောက်ပြီး အိပ်ခန်းက မီးလင်းမနေဖို့၊ အေးမြနေဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ချက်က ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရင် သွေးလှည့်ပတ်မှုကောင်းစေကာ အိပ်ပျော်စေပါတယ်။ နာတာရှည်အိပ်မပျော်တဲ့ သူတွေအနေနဲ့ အရေးကြီးဆုံးတစ်ခုက စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ သက်ဆိုင်ရာ ကိုးကွယ်ရာဘာသာအလိုက် တရားထိုင်တာ၊ ဘုရားရှိခိုးတာကို ပုံမှန် လုပ်ပေးသင့်ပါတယ်။ ပြီးတော့ ကိုယ်ဘာကြောင့် အိပ်မပျော်ရတာလဲဆိုတဲ့ အကြောင်းရင်းကို ကိုယ့်ဘာသာပြန်ရှာဖို့လည်း လိုပါတယ်။ တွေ့ရင် အဲဒီအချက်တွေကို တဖြည်းဖြည်းပြန်လျှော့ချဖို့ လိုပါတယ်။ အစားအသောက်ကိုလည်း သေချာကျန်းမာရေးနဲ့အညီ စားသောက်ဖို့လည်း အရေးကြီးပါတယ်။ ဒီလိုဆင်ခြင်နေထိုင်ပြီးတာတောင်မှ အိပ်မပျော်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top