Healthy Life Ad
Health Tips

သင့်ကလေး အိပ်မက်ဆိုးမက်ပြီး ငိုကြွေးနေသလား

———၊ ဇွန် ၊———

ညဉ့်လယ်လောက်မှာ သင့်ကလေးငယ်ဟာ အိပ်မက်ဆိုးကြောင့် ကြောက်လန့်တကြား လန့်နိုးလာပြီး ငိုကြွေးနေပါသလား။ ဒါဟာ အိမ်တွင်းစိတ်ခံစားမှု ထိခိုက်ဖွယ်ရာ အခြေအနေ ဒါမှမဟုတ် ကျောင်းနေကလေးဆိုရင် ကျောင်းမှာ စိတ်ထိခိုက်စရာ အတွေ့အကြုံတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အိပ်စက်မှုဖောင်ဒေးရှင်း (NSF) ရဲ ့အဆိုအရ အိပ်မက်ဆိုးမက်တာက အသက်အရွယ်မရွေး ကလေးအားလုံးမှာ အတော်အဖြစ်များပြီး အသက်နှစ်နှစ်အရွယ်မှာ စတင်မက်တတ်တယ်လို့ သိရပါတယ်။

ကြောက်စရာကောင်းတဲ့ အိပ်မက်တွေကို မက်တာက ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းဖွံ့ဖြိုးမှုမှာ တစ်စိတ်တစ်ပိုင်း အရေးပါပါတယ်။ ဒါပေမဲ့ ဒါက ထိတ်လန့်မှု၊ စိတ်ပူပင်မှုနဲ့ စိတ်ထိခိုက်မှုကို တုန့်ပြန်တာလည်း ဖြစ်နေပါတယ်။ ဒါကြောင့် ကလေးငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာတဲ့အခါ သူ့ကို စိတ်အေးချမ်းငြိမ်သက်သွားအောင် ပွေ့ဖက်နှစ်သိမ့်ပေးဖို့ လိုပါတယ်။

ကလေးအိပ်ရေးဝရန် လိုသည်

ကလေးတစ်ယောက် အိပ်မက်ဆိုးကြောင့် လန့်နိုးလာတဲ့အခါ မိဘအများစုက အိပ်မက်ဆိုးထပ်မက်မှာကို စိုးရိမ်တဲ့အတွက် ကစားဖို့ အာရုံပြောင်းတတ်ကြပါတယ်။ အိပ်မက်ဆိုးက လန့်နိုးလာတဲ့ကလေးကို လုံခြုံသွားအောင် နှစ်သိမ့်ပေးပြီးရင် ပြန်လည်အိပ်ပျော်အောင် သိပ်ပေးဖို့လိုပါတယ်။ ကလေးပြန်လည် အိပ်ပျော်တဲ့အထိ နူးညံ့ပျော့ပျောင်းတဲ့ စကားတွေပြောတာ၊ သီချင်းအေးအေးဆိုပြတာတို့ကို လုပ်ဆောင်ပေးပါ။

ဘယ်အသက်အရွယ်မဆို စိတ်ဖိစီးမှု ကြုံရနိုင်

တကယ်လို့ သင့်ကလေးက နေ့စဉ်ဆိုသလို အိပ်မက်ဆိုးကြောင့် လန့်နိုးနေရင် တစ်နေ့တာမှာ သင့်ကလေး စိတ်ဖိစီးမှု ကြုံနေရသလားဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။ ကျောင်းမှာ အဆင်ပြေရဲ့လား၊ အိမ်မှာ ပျော်ရွှင်ရဲ့လားဆိုတာ အကဲခတ်လေ့လာရပါမယ်။ အိပ်မက်ဆိုးမက်တာကြောင့် ကလေးကို မိဘနဲ့အတူသိပ်ဖို့ မလိုပါဘူး။ အိပ်မက်ဆိုးမက်ပြီး နိုးလာတဲ့အခါ နှစ်သိမ့်ပေးလိုက်ပါ။ ပြီးရင် ၁၀ မိနစ် လောက် စောင့်ကြည့်သင့်ပါတယ်။ ကလေးဟာ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချ အိပ်မောကျနေရင် ကလေးကို တစ်ယောက်တည်း ထားခဲ့လို့ရပါပြီ။

Most Popular

Healthy Life Ad
To Top