Healthy Life Ad
Health Tips

မိတ်ဆွေ . . .အိပ်ကြွေတင်နေပြီလား

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အိပ်ကြွေးတင်တယ်လို့ပြောရင် ဘာကိုဆိုလိုသလဲလို့ ဇဝေဇဝါဖြစ်နေပြီလား။

ဥပမာ-လူတစ်ယောက်က ပထမတစ်ရက်မှာ ၅ နာရီပဲ အိပ်ခဲ့ရတယ်၊ နောက်တစ်ရက် ၃နာရီပဲ အိပ်လိုက်ရတယ်။ နှစ်ရက်ပေါင်းမှ ၈ နာရီပဲ အိပ်ရသေးတယ်ဆိုတာမျိုး ဖြစ်လာရင် ပြန်အိပ်ဖို့ လိုလာပါပြီ။ အဲဒါကို အိပ်ကြွေးတင်တယ်လို့ ခေါ်ပါတယ်။ အဲဒီအိပ်ကြွေးကို ပြန်ဆပ်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ မနက်ဖြန်အလုပ်ရှိတယ်ဆိုရင် ဒီနေ့မှာကတည်းက အိပ်ကြွေးတွေကြေအောင် အိပ်ရေးဝ၀အိပ်ပြီးမှ အလုပ်လုပ်သင့်ပါတယ်။

အိပ်ချိန်ကို သိပ်မလျှော့ပါနဲ့

ညအိပ်ရေးပျက်ပြီး အလုပ်လုပ်ရတယ်။ မနက်လည်း တခြားသူတွေနဲ့ ဆက်လုပ်ရတယ်။ “အိပ်ရေးပျက်ခံနိုင်တယ်၊ ကြိုးစားတယ်”ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမနေဘဲ အိပ်တာကို ဦးစားပေးသင့်ပါတယ်။ အိပ်ချိန်ကို လျှော့နိုင်သမျှ လျှော့တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရေးမဝရင် အလုပ်လုပ်နေနိုင်ပေမယ့် စိတ်ကမလိုက်နိုင်တော့ပါဘူး။ အာရုံစိုက်နိုင်စွမ်းလည်း လျော့ကျတတ်ပါတယ်။

အိပ်ချိန်များလွန်း/ နည်းလွန်းခြင်းက မကောင်းပါ

အိပ်ပြီဆိုရင် ၁၀ မိနစ်နဲ့ ၁၅ မိနစ်အတွင်းမှာ အိပ်ပျော်မှ ကောင်းပါတယ်။ အကြာကြီးနေမှ အိပ်ပျော်တယ်ဆိုရင် ပုံမှန်မဟုတ်ဘူးလို့ သတ်မှတ်ပါတယ်။ အချိန်ကို ၈ နာရီထက်နည်းပြီး အိပ်စက်ရင်လည်း မကောင်းသလို ၈ နာရီထက် ပိုပျင်းပြီးအိပ်နေရင်လည်း မကောင်းပါဘူး။ အိပ်ရေးမဝလို့ ဦးနှောက်မကြည်တာတွေ ဖြစ်တတ်ပါတယ်။ အိပ်သင့်တာထက် ပိုအိပ်လို့တော့ ဦးနှောက်က ပိုကြည်မလာနိုင်ပါဘူး။

အိပ်ရေးမဝရင် ဆုံးဖြတ်ချက် မချနိုင်ပါ

အိပ်ရေးမဝဖြစ်နေတဲ့အတွက် အိပ်ငိုက်တဲ့အကျိုးဆက်တွေကို လေ့လာကြည့်ကြမယ်ဆိုရင် အိပ်ရေးမဝတော့ ခဏလေး မှေးခနဲ အိပ်ပျော်သွားတတ်ပါတယ်။ တချို့လူတွေက သူတို့အိပ်ရေးမဝပေမယ့် အလုပ်တွေကို ပုံမှန်လုပ်နေနိုင်တုန်းပဲ ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်စဉ်းစားတွေးခေါ်ရမယ်၊ ခက်ခဲနက်နဲတာတွေကို ရှင်းရမယ်၊ ကြီးမားတဲ့ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စမျိုးမှာ အိပ်ရေးဝနေတဲ့ သူတွေနဲ့ယှဉ်လုပ်လို့ မရတော့ပါဘူး။

အိပ်ကြွေးတင်နေရင် ကားမမောင်းသင့်

အိပ်ကြွေးတင်ချိန်မှာ ဖြစ်နိုင်ရင် ကိုယ့်ကားကို ကိုယ့်ဘာသာမမောင်းပါနဲ့။ ယာဉ်မောင်းတစ်ယောက်ကို မောင်းခိုင်းသင့်ပါတယ်။ ယာဉ်မောင်းမရှိရင် တက္ကစီစီးသွားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top