Healthy Life Ad
Life Style

ငယ်ရွယ်သူတွေရဲ့ အသည်းကွဲဝေဒနာကို ဘယ်လိုကုစားကြမလဲ..

အသည်းကွဲဝေဒနာက အသက်အရွယ်အမျိုးမျိုးမှာ ခံစားရတတ်ပေမယ့် ဆယ်ကျော်သက်အရွယ်တွေမှာဖြစ်ရင် ပိုပြီးခံစားရတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကိုယ်ချစ်တဲ့သူနဲ့ မပေါင်းဖော်ရတာကြောင့် အသည်းကွဲရသလိုပဲ အသက်ကြီးလာချိန်မှာလည်း ပေါင်းဖော်နေတဲ့ အိမ်ထောင်ဖက်နဲ့ ရှင်ကွဲသေကွဲကွဲကွာရတာတွေကြောင့်လည်း ဝမ်းနည်းကြေကွဲရတာ၊ မျှော်လင့်ချက်မဲ့စွာ စိတ်ဓာတ်ကျရတာနဲ့ အပယ်ခံရသလို ဖြစ်တာတွေ ခံစားရပြီး စိတ်ထိခိုက်မှုကြီးစွာ ရတတ်ပါတယ်။ ဒီလိုအခြေအနေကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြံစည်သူတွေလည်း မနည်းလှပါ။ ဒီလိုအဖြစ်အပျက်တွေ မဖြစ်စေဖို့ အသည်းကွဲဝေဒနာကို ကုစားနေတဲ့အခိုက်မှာ လိုက်နာသင့်တဲ့ နည်းလမ်းတချို့ကို ရေးသားလိုက်ရပါတယ်။

(၁) သင့်ကို နားလည်ဂရုစိုက်ပေးမည့်သူကို ရှာပါ

လမ်းခွဲတာ၊ ပြတ်စဲတာက မမျှော်လင့်ဘဲ ဖြစ်ခဲ့တယ်ဆိုရင် ထိတ်လန့်တုန်လှုပ်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အတွေးတွေကလည်း ယောက်ယက်ခတ်နေနိုင်ပြီး အိပ်မပျော်တာ၊ မျက်ရည်ကျတာတွေလို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေလည်း ရတတ်ကာ ထုံသလိုလို ထိုင်းမှိုင်းသလိုလိုလည်း ခံစားရတတ်ပါတယ်။အဲဒီအချိန်မှာ တစ်ဦးတည်းနေဖို့ မကြိုးစားပါနဲ့။ သင့်ကို နားလည်ဂရုစိုက်ပေးမယ့်သူနဲ့ နေလိုက်ရင် ရက်အနည်းငယ်အတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။


(၂) သင့်ကိုယ်သင် ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပါ

အသည်းကွဲဝေဒနာကြောင့် လူတချို့မှာ နာမကျန်းမှုဖြစ်ရတာက ပုံမှန်ပါပဲ။ နာမကျန်းမှုမှ ပြန်လည်သက်သာလာစေဖို့ များများအနားယူပေးပါ။ ရနံ့သင်းပျံ့တဲ့ ဆပ်ပြာဆီထည့်ပြီး ရေစိမ်ချိုးပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရရှိတဲ့ အစားအသောက်တွေစားပါ။ ဈေးဝယ်ထွက်ပြီး စိတ်ထဲလိုချင်တာတွေ ဝယ်ပါ။ သင့်စိတ်ထဲ သက်သောင့်သက်သာ ရှိလာပါလိမ့်မယ်။

(၃) သင့်အားသာချက် ၅၀ ကို စာရင်းပြုစုပါ

အသည်းကွဲနေချိန်မှာ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသလိုလို၊ ပစ်ပယ်ခံရသလိုလို ခံစားရနိုင်ပါတယ်။ ဒီခံစားချက်ကြောင့် စိတ်ဓာတ်ပိုကျစေနိုင်ပြီး ပိုအားငယ်ရတတ်ပါတယ်။ ဒီလိုမဖြစ်အောင် သင့်အားသာချက် ၅၀ ကို စာထဲချရေးလိုက်ပါ။ ဒီစာရင်းအားလုံး ပြီးသွားတဲ့နောက်မှာလည်း တစ်နေ့အားသာချက်တစ်ခုလောက် ထပ်ထည့်နိုင်အောင် ကြိုးစားပါ။ ဒီလိုလုပ်နိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ်ကို တိုးမြင့်စေပါတယ်။

(၄) ဖြစ်ပျက်ခဲ့သမျှ ပြောပါ

သင့်ရဲ့ယုံကြည်မှုကို တည်ဆောက်ရမယ့် အချိန်အခါပါပဲ။ သင့်ခံစားချက်ကို မျိုသိပ်မထားပါနဲ့။ သင့်ကို အားပေးကူညီနေမယ့် သူငယ်ချင်းတစ်ဦးကို သင်နဲ့ သင့်ချစ်သူအကြောင်းပြောတာက ဝမ်းနည်းနာကျင်ရတဲ့ သင့်ခံစားချက်တွေ တဖြည်းဖြည်း လျော့ကျသွားပါလိမ့်မယ်။


(၅) သင့်ချစ်သူဟောင်း၏ မကောင်းသည့်အချက်များကို စာရင်းပြုစုပါ

အသည်းကွဲနေချိန်မှာ လူအများစုဟာ ကိုယ့်ချစ်သူနဲ့ပတ်သက်တဲ့ ကောင်းတဲ့အချက်တွေကိုပဲ တွေးမိပြီး ဝမ်းနည်းကြလေ့ရှိပါတယ်။ တကယ်တော့ သူ့ကိုမေ့နိုင်ဖို့ဆိုရင် အရာရာတိုင်းကို လက်တွေ့ကျကျ တွေ့မြင်သုံးသပ်ကြည့်ဖို့ လိုနေပါပြီ။ သူရဲ့ မကောင်းတဲ့အချက်တွေကို စဉ်းစားပြီး စာထဲချရေးလိုက်ပါ။ ဥပမာ- အရက်သောက်လွန်းတာ၊ ချုပ်ချယ်လွန်းတာ၊ ပျင်းရိပြီး လက်ကြောမတင်းတာ စတဲ့အချက်တွေကိုရေးပြီး သင်မြင်သာတဲ့နေရာမှာ ကပ်ထားလိုက်ပါ။ သင်ဝမ်းနည်းတဲ့အခါတိုင်း အဲဒီစာရွက်ကိုကြည့်ပြီး အေးဆေးတည်ငြိမ်လာပါလိမ့်မယ်။


(၆) အတူတွဲရိုက်ထားသော ဓာတ်ပုံများကို သိမ်းထားပါ

တချို့လူတွေက စိတ်တိုတိုနဲ့ ချစ်သူဟောင်းရဲ့ ဓာတ်ပုံတွေကို ဖျက်ဆီးပစ်တာမျိုး လုပ်တတ်ပါတယ်။ ဒီလိုလုပ်မိတာကြောင့် သင့်ဘဝရဲ့ တစ်ချိန်ချိန်မှာ နောင်တရတာမျိုး ဖြစ်လာနိုင်တာကြောင့် ဓာတ်ပုံအားလုံးကိုစုပြီး အံဆွဲတစ်လုံးထဲထည့်ကာ သော့ခတ်ထားလိုက်ပါ။

(၇) သူငယ်ချင်းဖြစ်ရန် မကြိုးစားသင့်ပါ

ရည်းစားနဲ့ အဆင်မသင့်လို့ ပြတ်စဲခဲ့ပေမယ့် သူငယ်ချင်းလိုပဲ နေရအောင်ဆိုပြီး ခင်မင်ဖို့ မကြိုးစားပါနဲ့။ စစ်မှန်တဲ့ခင်မင်မှုမျိုး ရလာမှာမဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦးမြင်တွေ့ပြီး မိတ်ဆွေလို အကူအညီပေးလေလေ၊ ချစ်မေတ္တာကြိုး ပြန်ဆက်လို့ရလေမလားဆိုတဲ့ မျှော်လင့်ချက် ထပ်ဖြစ်လာနိုင်လေလေ ဖြစ်လို့ပါ။

(၈) အားလပ်ချိန်ကို အစီအစဉ်ဆွဲထားပါ

ကျောင်းတက်ရက်နဲ့ အလုပ်လုပ်ရက်တွေမှာ မအားလပ်တာကြောင့် ချစ်သူဟောင်းကို မေ့ပျောက်နေနိုင်ပေမယ့် အားလပ်ချိန်(အထူးသဖြင့် ချစ်သူနဲ့ တွေ့ဆုံနေကြအချိန်) တွေမှာ သတိရလွမ်းဆွတ်စိတ်က ပိုများတတ်ပါတယ်။ အဲဒီအချိန်တွေမှာ သူငယ်ချင်းမိတ်ဆွေတွေထံ သွားလည်ဖို့ အစီအစဉ်ဆွဲထားပါ။ လမ်းလျှောက်အသင်းဝင်ပါ။ ပန်းချီပြခန်းတွေကို သွားရောက်လေ့လာပါ။ အိမ်ထဲမှာထိုင်ပြီး လွမ်းဆွေးနေမယ့်အစား အသစ်အဆန်းတွေကို လေ့လာနေဖို့ လိုပါတယ်။


(၉) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ချစ်သူကို မေ့ပစ်နိုင်မယ့် အကောင်းဆုံးနည်းတစ်ခုပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အန်ဒေါ်ဖင်ဟော်မုန်းထွက်နှုန်းတိုးကာ စိတ်ခံစားမှုကို မြှင့်တက်ပေးနိုင်ပါတယ်။ အားကစားခန်းမကို မသွားနိုင်ရင် လမ်းလျှောက်တာ၊ ရေကူးတာ၊ ကခုန်တာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

(၁၀) အခန်းကို ပြန်လည်ပြင်ဆင်ပါ

ကွဲကွာသွားတဲ့ ဒါမှမဟုတ် သေဆုံးသွားတဲ့ အိမ်ထောင်ဖက်နဲ့အတူ နေခဲ့တဲ့အိမ်ကို ဆေးပြန်သုတ်တာ၊ အိမ်တွင်းပရိဘောဂအသစ်တွေ လဲလှယ်တာတွေလုပ်ကာ ပြန်လည်ပြင်ဆင်ဖို့ လိုပါတယ်။ အခန်းကို တောက်ပတဲ့အရောင်လင်းပေးပြီး နံရံမှာ ရုပ်ပုံကားချပ်အသစ်တွေကို ပြန်လည်တပ်ဆင်ပါ။

(၁၁) စေတနာ့ဝန်ထမ်း လုပ်ပါ

စေတနာ့ဝန်ထမ်းလုပ်ပြီး တခြားသူတွေကို ကူညီနိုင်တာက ပိုပျော်ရွှင်မှုရရှိကာ စိတ်ကြည်နူးမှုကို ဖြစ်စေနိုင်ပါတယ်။ လိုအပ်နေသူတွေကို ကူညီနိုင်တာကြောင့် ဒုက္ခတွေကို မေ့ပျောက်ပစ်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို တိုးတက်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top