Healthy Life Ad
Health Tips

ဗိုက်အဆီများပြီး ဗိုက်ပူခြင်းက ဝခြင်းထက် နှလုံးအမောဖောက်ခြင်းကို အကြိမ်ကြိမ်ဖြစ်စေနိုင်

——–၊ ကိုထက် ၊———

ဗိုက်အဆီများပြီး နှလုံးအမောဖောက်ခြင်း (Heart Attack) ဝေဒနာခံစားရသူတွေက နောက်တစ်ကြိမ် နှလုံးအမောဖောက်ခြင်းအန္တရာယ် မြင့်မာတယ်လို့ လေ့လာမှုအသစ်က ဆိုပါတယ်။ ဗိုက်ပူတာက ကိုယ်အလေးချိန်များတာထက် ပိုအလေးထားသင့်တယ်လို့ ထောက်ပြထားတာ ဖြစ်ပါတယ်။ သင်က ကိုယ်အလေးချိန် သွယ်လျနေရင်တောင်မှ ဗိုက်ပူနေရင် ပထမဆုံးအကြိမ် နှလုံးအမောဖောက်ခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ နှလုံးကျန်းမာရေးဆိုင်ရာ ကာကွယ်မှုဂျာနယ်က ဖော်ပြထားပါတယ်။ အခုလေ့လာမှုကတော့ ဗိုက်ပူတာနဲ့ ထပ်ခါထပ်ခါ နှလုံးအမောဖောက်ခြင်း ဒါမှမဟုတ် လေဖြတ်ခြင်းဖြစ်နှုန်းအကြား ဆက်စပ်မှုရှိတယ်လို့ ပထမဆုံးအကြိမ် တွေ့ရှိတာဖြစ်ပါတယ်။ ဒီဆက်စပ်မှုက အမျိုးသားတွေမှာ ပိုသိသာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“ဗိုက်ပူတာက ပထမဆုံးအကြိမ် နှလုံးအမောဖောက်ခြင်း ဒါမှမဟုတ် လေဖြတ်ခြင်းဖြစ်နိုင်ခြေကို မြင့်တက်စေရုံသာမက နောက်ထပ်အကြိမ်ကြိမ် ပြန်ဖြစ်နိ်ုင်ခြေကိုလည်း မြင့်တက်စေတယ်”လို့ စတော့ဟုမ်းရှိ ကာရိုလင်းစကားတက္ကသိုလ်မှ ဒေါက်တာဟာနက်က ဆိုပါတယ်။ “ခါးအတိုင်းအတာကို ပုံမှန်ရှိအောင် ထိန်းတာက နောင်အခါမှာ နှလုံးအမောဖောက်ခြင်းနဲ့ လေဖြတ်ခြင်းမဖြစ်ဖို့ ကာကွယ်ရေးမှာ အရေးကြီးပါတယ်”လို့ လေ့လာသူတွေက ဆိုပါတယ်။

လေ့လာမှုက ပထမဆုံးအကြိမ် နှလုံးအမောဖောက်ခြင်းဖြစ်ပြီး ဆွီဒင်လူနာ ၂၂၀ဝ၀ ဦးကျော်ကို လေ့လာခဲ့တာဖြစ်ပြီး ခါးအတိုင်းအတာနဲ့ နှလုံးအမောဖောက်ခြင်း ဖြစ်နိုင်ခြေအကြား ဆက်စပ်မှုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ အမျိုးသားတွေမှာ ခါးအတိုင်းအတာ ၃၇ ဒသမ ၆ လက်မနဲ့အထက်၊ အမျိုးသမီးတွေမှာ ခါးအတိုင်းအတာ ၃၂ လက်မနဲ့အထက် ရှိနေတယ်လို့ ဆိုပါတယ်။

ဗိုက်အဆီများသူတွေက ဆေးလိပ်သောက်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးခြင်း စတဲ့ အချက်တွေရှိရင် ပိုသတိထားသင့်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် ဗိုက်အဆီလျော့ကျစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ကို လိုက်နာသင့်ကြောင်း၊ တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ လမ်းလျှောက်ခြင်းလိုမျိုး အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးရင် ခါးတုတ်ဗိုက်ပူတာကို လျော့ကျစေနိုင်ကြောင်း လေ့လာသူတွေက သတိပေးပြောကြားထားပါတယ်။

(Ref;CNN 20-3-2020)

Most Popular

Healthy Life Ad
To Top