——၊ ကိုထက် ၊——
လူတွေ ခရီးသွားတော့မယ်ဆိုရင် လမ်းခရီးမှာ ဆီးသွားချင်စိတ် ဖြစ်ပေါ်မှာစိုးတဲ့အတွက် ရေကို တတ်နိုင်သမျှ လျှော့သောက်လေ့ ရှိကြပါတယ်။ တစ်ခါတစ်ရံ ခရီးသွားတာက ပြဿနာမရှိပေမယ့် အလုပ်ကိစ္စကြောင့် မကြာခဏ ခရီးရှည်သွားနေရတဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်းကျန်းမာရေး ကောင်းမွန်နေစေဖို့ လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။
ဆီးသွားချင်စိတ်ကို အောင့်ထားခြင်း
ခရီးရှည်သွားတဲ့အခါ အမျိုးသားတွေဟာ ဆီးအိမ်ထဲ ဆီးပမာဏ ၁၅၀ စီစီ – ၂၀ဝ စီစီလောက်အထိ အောင့်ထားတာက ပြဿနာမဖြစ်နိုင်ပေမယ့် ဒီထက်ကြာကြာအောင့်ရင် ဆီးမထိန်းနိုင်ဘဲ ဆီးထွက်ကျတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တတ်သူတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့ သူတွေဆိုရင် ဆီးသွားချင်စိတ်ကို အောင့်ထားရင် ဆီးပိုးဝင်နိုင်ခြေ များပါတယ်။ ဆီးကျောက်တည်တာလည်း ဖြစ်နိုင်ခြေများပါတယ်။
ရေသောက်နည်းလွန်းခြင်းနှင့် ကျန်းမာရေးအန္တရာယ်
ခန္ဓာကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေကို ပုံမှန်စွန့်ထုတ်နိုင်ဖို့ ဆီးအလုံအလောက် သွားရပါမယ်။ ဆီးအလုံအလောက် သွားနိုင်ဖို့ရာအတွက် ရာသီဥတု၊ လှုပ်ရှားမှုနဲ့ ချွေးထွက်တဲ့ ပမာဏပေါ်မူတည်ပြီး ရေတစ်လီတာ-နှစ်လီတာခန့် လိုအပ်ပါတယ်။ ခရီးရှည်သွားချိန်မှာ ရေသောက်နည်းလွန်းရင် ခန္ဓာကိုယ်ထဲက စွန့် ပစ်ပစ္စည်းတွေ မထွက်ဘဲ နုံးချည့်ညောင်းညာတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ နေထိုင်မကောင်းတာ၊ ဆီးကျဉ်ဆီးပူတာတို့ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဝမ်းလည်းချုပ်တတ်ပါတယ်။
မကြာခဏ ခရီးရှည်သွားရသူများ ဆီးလမ်းကြောင်း ဝေဒနာ ကင်းပြီး ကျန်းမာလန်းဆန်းနေစေရန်
• မကြာခဏ ခရီးရှည်သွားရလေ့ရှိတဲ့ အမျိုးသားတွေဟာ အမြဲကျန်းမာနေစေဖို့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အဆီနည်းတဲ့အသား၊ ငါး စတာတွေကို များများစားသုံးပြီး အဆီ၊ အချို၊ အငန်နဲ့ အဆီများတဲ့ အသားတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။
• တစ်နေ့ ရေနှစ်လီတာနဲ့အထက် သောက်သုံးပေးသင့်ပါတယ်။
• ခရီးသွားလာရင်း ရပ်နားတဲ့အချိန်တွေမှာ အခွင့်သင့်တိုင်း မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ အကြောဆွဲဆန့်လုပ်တာနဲ့ အကြောလျှော့တာတို့ကို လုပ်ဆောင်သင့်ပါတယ်။
• ခရီးရှည်သွားရင်း ဆီးသွားချင်စိတ် ဖြစ်ပေါ်လာရင် ဆီးကို အလွန်အမင်းအောင့်မထားဘဲ ဆီးသွားပေးဖို့ လိုပါတယ်။
• တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လိင်အင်္ဂါ သန့်ရှင်းရေးတွေကို မှန်မှန်ပြုလုပ်ပေးရပါမယ်။
• ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ရင် အချိန်မဆိုင်းဘဲ နီးစပ်ရာဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
(Ref;nih)