Healthy Life Ad
Health Tips

ဗီတာမင်အေ ပါဝင်မှုများသည့် အသီးအနှံများ စားသုံးပါက အရေပြားကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေနိုင်

ကိုထက်

လေ့လာမှုအသစ်အရ မုန်လာဥ၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ စတဲ့ ဗီတာမင်အေ ပမာဏအများအပြား ပါဝင်တဲ့ အသီးအနှံတွေဟာ အရေပြားကို များစွာ အထောက်အကူပြုစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီအစားအစာတွေကို စားပါက အရေပြားအတွက် လိုအပ်တဲ့ဆဲလ်အသစ်တွေကို ထုတ်လုပ်ရာမှာ အထောက်အကူ ပြုရုံသာမက နေရောက်ခြည်မှ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုပါ ပိုမိုခံနိုင်ရည် ရှိလာစေနိုင်တယ်လို့ ဘရောင်းတက္ကသိုလ်မှ လေ့လာသူတွေက ဆိုပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေပြားဆဲလ်ပေါင်း ၁၉ သန်းခန့်ရှိပြီး နေ့စဉ် ဆဲလ်ပေါင်း ၃ သောင်းမှ ၄ သောင်းခန့် သေဆုံးလျက်ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ဟာ ဆဲလ်အသစ်ပေါင်းများစွာကို နေ့စဉ် ပြန်လည်မွေးဖွားလျက် ရှိပါတယ်။ ဗီတာမင်အေဟာ ဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားရာမှာ အထောက်အကူ ပြုရုံသာမက ဆဲလ်ဟောင်းတွေ သန်စွမ်းပြီး ကျန်းမာဖို့ကိုပါ အထောက်အကူပြုပေးပါတယ်။

ဘရောင်းတက္ကသိုလ်မှ လေ့လာသူတွေဟာ အမေရိကန်လူမျိုး အမျိုးသား၊ အမျိုးသမီး တစ်သိန်းနှစ်သောင်းကျော်ရဲ့ နေ့စဉ် အလေ့အကျင့်တွေ၊ အစားအသောက်တွေနဲ့ ကျန်းမာရေး အခြေအနေတွေကို နှစ်ပေါင်း ၂၆ နှစ်ကြာ စာရင်းပြုစုခဲ့ကြတယ်လို့ သိရပါတယ်။ မှတ်တမ်းတွေမှာ ထိုသူအားလုံးဟာ နေ့စဉ် တစ်ဦးချင်းစီအတွက် လိုအပ်တဲ့ ဗီတာမင်အေပမာဏကို ပြည့်မှီအောင် မှီဝဲကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသီးအနှံများမှ ဗီတာမင်ဓာတ် ရတဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ လျော့ကျလာတာကို တွေ့ရှိရပြီး ဆေးဝါးတွေမှ ဗီတာမင်ဓာတ် ရရှိသူတွေထဲက လူလေးထောင်ခန့်မှာ ဒီတွေ့ရှိမှု မတွေ့ရဘူးလို့ ဆိုပါတယ်။

သဘာဝအသီးအနှံတွေက ရရှိတဲ့ ဗီတာမင်အေဟာ အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေကို ၁၇ ရာခိုင်နှုန်း လျော့ကျစေနိုင်ပြီး ဗီတာမင်အားဖြည့်ဆေးဝါးတွေမှ ရရှိတဲ့ ဗီတာမင်အေကတော့ ဒီလိုအကျိုးကျေးဇူးကို မရနိုင်ဘူးလို့ ဆိုပါတယ်။ မျိုးရိုးအရ ဒါမှမဟုတ် နေလောင်ဒဏ် အများအပြားခံထားရပြီး ကင်ဆာဖြစ်နိုင်ခြေများနေတဲ့ အရေပြားရှိသူတွေကို ဗီတာမင်အေ ပါဝင်တဲ့ အစာတွေကို စားစေပြီးနောက် အရေပြားပေါ်မှာ အင်တီအောက်ဆီးဒင့် တစ်မျိုးထွက်ပေါ်လာကာ ကင်ဆာဖြစ်နိုင်ခြေကို ၇ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်း လျော့ကျလာပြီး သာမှန်အရေပြား အခြေအနေလို ပြန်လည်ဖြစ်သွားခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဗီတာမင်အေပမာဏ အလွန်များပြားသွားခဲ့ရင်လည်း အရိုးအကြောပြဿနာတွေနဲ့ အသက်ကြီးလာချိန် တင်ပဆုံရိုးကျိုးနိုင်ခြေ စတာတွေနဲ့ ဆက်စပ်မှုတွေ ရှိနေသေးတဲ့အတွက် ကင်ဆာကာကွယ်ဖို့အတွက် ဘယ်လောက်ပမာဏထိ လိုအပ်တယ်ဆိုတာကိုတော့ အတိအကျပြောဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ သေချာတာကတော့ ဆေးတွေမှီဝဲနေတာထက် လတ်ဆတ်တဲ့ သဘာဝအသီးအနှံတွေကို စားသုံးတာက များစွာပိုမိုထိရောက်ပြီး အန္တရာယ်အကင်းဆုံး ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပြခဲ့ပါတယ်။

(Ref;DM 31.7.19)

Most Popular

Healthy Life Ad
To Top