Healthy Life Ad
Q & A

အသက် ၆၅ နှစ်ကျော်အရွယ်တို့ ခရီးသွားမည်ဆိုလျှင် . . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

Q. အမေက အသက် ၆၅ နှစ်ရှိပါပြီ။ ခရီးထွက်ချင်တယ်ဆိုလို့ ပင်လယ်ကမ်းခြေကို ခေါ်သွားချင်လို့ပါ။ ခရီးပန်းတာမဖြစ်အောင် ဘယ်လိုဂရုစိုက်ပေးသင့်ပါသလဲ ဆရာ။

A. ခရီးသွားတာ ကောင်းပါတယ်။ ပင်လယ်ကမ်းခြေဒေသကို သွားတာက ပိုကောင်းပါတယ်။ ခရီးကို ရွေးချယ်တဲ့အခါမှာတော့ ပင်ပန်းတဲ့ခရီးကို မရွေးပါနဲ့။ ကိုယ်သွားချင်တာက တောင်တက်ချင်တာမျိုးတွေလို ခရီးဆိုရင် အဲဒီခရီးနဲ့ အပန်းဖြေဖို့မရွေးပါနဲ့။ အချိန်တိုခဏလေးအတွင်းမှာ နေရာအများကြီးကို အတင်းသွားတာကလည်း ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရာရောက်ပါတယ်။ ကိုယ့်အတွက် အပန်းပြေနိုင်မယ့် ပင်လယ်ကမ်းခြေလို နေရာကို သွားတာကတော့ ဒေသလည်း ပြောင်းသွားတဲ့အတွက်ကြောင့် စိတ်ကလန်းဆန်းသွားပါတယ်။ ဆရာတို့ မြန်မာနိုင်ငံမှာ ခရီးသွားရတာ ပိုကောင်းပါတယ်။ တစ်နေရာနဲ့ တစ်နေရာ ဒေသန္တရ မတူတဲ့အတွက် စိတ်ကိုအပန်းပြေစေပါတယ်။ ဒါပေမဲ့ ခရီးသွားရင် မခန့်မှန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒါတွေကို ကြိုတင်စဉ်းစားထားပါ။ ကြိုတင်ကာကွယ်ထားပါ။ အရေးကြုံမှ တစ်ခုခုဖြစ်ရင် ဘာလုပ်လို့လုပ်ရမှန်း မသိတဲ့အခါ ပိုပြီးတော့ စိတ်ညစ်ရတတ်ပါတယ်။

ပင်လယ်ကမ်းခြေကို သွားတာက လေကောင်းလေသန့်လည်းရတယ်၊ စိတ်ကိုလည်း အပန်းပြေစေတယ်၊ ကျန်းမာရေးကိုလည်း ပိုကောင်းမွန်စေတယ်ဆိုတာ မှန်ပါတယ်။ အရမ်းစိတ်ဖိစီးလာရင် ခရီးသွားပေးဖို့ လိုပါတယ်။ တခြားနိုင်ငံကြီးတချို့မှာဆိုရင် တစ်နှစ်ကို မဖြစ်မနေ တစ်လလောက်ခွင့်ယူပြီး ခရီးသွားခိုင်းပါတယ်။ နေ့ရောညရော တောက်လျှောက် အလုပ်လုပ်နေရင် လူက စိတ်ဖိစီးလာပြီး စိတ်တိုလွယ်တာတွေ ဖြစ်လာတတ်ပါတယ်။ တစ်နှစ်မှာ တခါလောက်တော့ ခရီးသွားသင့်ပါတယ်။

ပင်လယ်ကမ်းခြေကို သွားတဲ့အခါ အထူးဂရုစိုက်သင့်တာက နေလောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားအရေ မပျက်စီးအောင် နေရောင်ကာခရင်တွေ လိမ်းပေးပါ။ ပြီးတော့ အအေးမိနိုင်တာကြောင့် နွေးနွေးထွေးထွေးနေပါ။ ပင်လယ်စာတွေစားရင် သတိထားစားပါ။ ဘယ်အရာကိုမဆို အလွန်အကျွံ မဖြစ်အောင် သတိထားပါ။ ရေထဲအကြာကြီးနေရင်လည်း နေမကောင်း ဖြစ်နိုင်ပါတယ်။ အကြာကြီး လေစိမ်းအတိုက်ခံရရင်လည်း နေမကောင်းဖြစ်တတ်ပါတယ်။ အဲဒါတွေကို သတိထားပေးပါ။

Most Popular

Healthy Life Ad
To Top