Healthy Life Ad
Q & A

လိပ်ခေါင်း ဘာကြောင့်ဖြစ်ရသလဲ. . .

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. လိပ်ခေါင်းက ဘာကြောင့် ဖြစ်ရတာပါလဲ ဆရာ။

A. လိပ်ခေါင်းဆိုတာ အူမကြီးရဲ့ အောက်ဘက်မှာရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းလို့ ဖြစ်တာပါ။ လိပ်ခေါင်းက စအိုတဝိုက်မှာဖြစ်ပြီး အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းလို့ ခေါ်ကြတယ်။ အတွင်းလိပ်ခေါင်းဆိုတာ သွေးကြောထုံးလေးက စအိုအဝမှာရှိပြီး အပြင်ထွက်မလာဘူး။ အပြင်လိပ်ခေါင်းဆိုရင်တော့ သွေးကြောထုံးက အပြင်ကိုထွက်နေပါတယ်။

Q. ဘယ်လိုလူတွေမှာ ပိုပြီး ဖြစ်တတ်ပါသလဲ ဆရာ။

A. ရေရှည်ဝမ်းချုပ်တဲ့သူတွေ၊ ဝမ်းသွားတဲ့အခါ အားစိုက်ပြီး ညှစ်ရတဲ့သူတွေ၊ အိမ်သာထဲမှာ အကြာကြီးထိုင်တဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာ လိပ်ခေါင်းအဖြစ်များပါတယ်။ ကိုယ်ဝန်ရှိတဲ့ အချိန်မှာလည်း လိပ်ခေါင်းက ဖြစ်တတ်ပါတယ်။ အသားစားတာများပြီး အမျှင်ဓာတ်ပါတဲ့ အစားအသောက်ကို အစားနည်းသူတွေမှာ ဖြစ်တတ်သလို အချိန်ကြာကြာ မတ်တပ်ရပ်တာ/ ကြာကြာထိုင်တာ စတဲ့အလုပ်လုပ်သူတွေနဲ့ အလေးအပင်မတဲ့ အလုပ်လုပ်သူတွေမှာလည်း ဖြစ်တာတွေ့ရပါတယ်။

Q. လိပ်ခေါင်းဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြလေ့ရှိပါသလဲ ဆရာ။

A. အဓိက ဖြစ်တတ်တာက ဝမ်းသွားတဲ့အခါ သွေးပါတာပါ။ ပြီးရင် စအိုအဝမှာနာပြီး ယားယံကာ မသက်မသာ ဝေဒနာဖြစ်တတ်ပါတယ်။ စအိုရောင်ရမ်းတာ၊ ထိုင်လို့မရဘဲ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့် ဝမ်းထဲသွေးပါရာက သတိထားမိတတ်ပါတယ်။

Q. လိပ်ခေါင်းမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်လို့ ရနိုင်ပါသလဲ ဆရာ။

A. လိပ်ခေါင်းမဖြစ်အောင် အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ရပါမယ်။ အစားအသောက်အနေနဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေ

“အဓိကဖြစ်တတ်တာက ဝမ်းသွားတဲ့အခါ သွေးပါတာပါ။ ပြီးရင် စအိုအဝမှာ ယားပြီးနာကာ မသက်မသာ ဝေဒနာဖြစ်တတ်ပါတယ်။ စအိုရောင်ရမ်းတာ၊ ထိုင်လို့မရဘဲ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့် ဝမ်းထဲသွေးပါရာက သတိထားမိတတ်ပါတယ်။”

ကို များများစားပေးဖို့လိုတယ်၊ ရေများများ သောက်ပေးဖို့လိုပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပေးရပါမယ်။ စအိုနေရာကို အမြဲသန့်ရှင်းအောင် ထားပေးပြီး ဝမ်းချုပ်မခံဖို့ လိုအပ်ပါတယ်။ အိမ်သာထိုင်မှာ ကြာကြာထိုင်ပြီး ဖုန်းပွတ်တာမျိုး ရှောင်သင့်ပါတယ်။

Q. တကယ်လို့ လိပ်ခေါင်းဖြစ်လာပြီဆိုရင် သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

A. လိပ်ခေါင်းဖြစ်ခဲ့ရင် နာတဲ့အခါ အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။ ရေနွေးခပ်နွေးနွေးထဲမှာ ဆားခတ်ပြီး အချိန် ၁၀ မိနစ်လောက် ထိုင်ပေးရပါမယ်။ ဝမ်းသွားတဲ့အခါ သွေးထွက်တယ်၊ နာကျင်တယ်၊ သွေးကြောလုံးလေး စမ်းမိတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ/ ဆေးခန်းတွေမှာ ပြသသင့်ပါတယ်။

Q. လိပ်ခေါင်းကို ဘယ်လိုအခြေအနေမျိုးဆိုရင် ခွဲစိတ်ကုသသင့်ပါသလဲ ဆရာ။

A. အပြင်လိပ်ခေါင်းက သွေးကြောထုံးမှာ ရောဂါပိုးဝင်အနာဖြစ်ပြီး ပုပ်သွားတဲ့ အနေအထားမှာ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ အခုခေတ်မှာ ခေတ်မီခွဲစိတ်ကုထုံးတွေ ရှိနေပြီဖြစ်လို့ လိပ်ခေါင်းခွဲစိတ်ကုသမှုက လိုအပ်ရင် ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top