Healthy Life Ad
Health Tips

သစ်သီးတို့၏ အာဟာရတန်ဖိုးဆိုင်ရာ အချက်အလက်များ

ဇွန်ခိုငဦး

ကျွန်မတို့ နေ့စဉ်အချိုပွဲအနေနဲ့ စားလေ့ရှိတဲ့ သစ်သီးဝလံတွေက ကျန်းမာရေးအတွက် အထောက်အပံ့ ပေးနေပါတယ်။ သစ်သီးတွေဟာ ကယ်လိုရီနဲ့ အဆီပါဝင်မှု နည်းပါးပြီး ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ရိုးရိုးသကြားဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ သစ်သီးဝလံတွေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် အများအပြား ပါဝင်တာကြောင့် ကိုယ်တွင်းရှိ မကောင်းတဲ့ ကိုလက်စထရောနဲ့ အဆီဓာတ်တွေကို ဖယ်ရှားရာမှာ ကူညီပါတယ်။ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။

သစ်သီးတွေမှာ ပိုလီဖီနောလစ် ဖလေဗိုးနွိုက်၊ ဗီတာမင်စီနဲ့ အန်သိုဆိုင်ယာနင်တို့လို အင်တီအောက်ဆီးဒင့်များများ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက ပထမအချက်အနေနဲ့ လူ့ကိုယ်တွင်းမှာ ဓာတ်တိုးမှုကြောင့် ဖြစ်ရတဲ့ ရောဂါဝေဒနာတွေနဲ့ ကင်ဆာတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဒုတိယအချက်အနေနဲ့ ကိုယ်ခံစွမ်းအားအဆင့်ကို မြှင့်တင်ပေးပြီး ရောဂါဝေဒနာ ကာကွယ်နိုင်စွမ်းကို မြင့်တက်စေပါတယ်။ တတိယအချက်အနေနဲ့ တခြားအစာတွေနဲ့ယှဉ်ရင် အင်တီအောက်ဆီးဒင့် ပါဝင်မှု ပိုများတာကြောင့် ကိုယ်တွင်း အဆိပ်အတောက်တွေကို ပိုမို ထွက်ရှိစေပါတယ်။

အပြာရောင်နဲ့ မှိုင်းတဲ့အရောင်ရှိသစ်သီးတွေ (ဥပမာ- ဘလူးဘယ်ရီ၊ စပျစ်သီး)တွေမှာ အန်သိုဆိုင်ယာနင်ဆိုတဲ့ ပိုလီဖီနောလစ်ဒြပ်ပေါင်းတစ်မျိုး ပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိပါတယ်။ ကိုယ်တွင်းဖရီးရယ် ဒီကယ်တွေကို ကင်းစင်စေပြီး ကင်ဆာ၊ အိုမင်းမှုနဲ့ ပိုးဝင်ကူးစက်မှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သစ်သီးတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ မိုက်ခရိုနျူးထရီးရန့်နဲ့ အင်တီအောက်ဆီးဒင့်တို့ များစွာပါဝင်တာကြောင့် ဆဲလ်၊ တစ်သျှူးနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ သဘာဝ အိုမင်းမှုဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။

သစ်သီးဝလံတွေကို နေ့စဉ်အများအပြား စားတာကြောင့် အရေးကြောင်းထင်တာ၊ ဆံပင်ကျွတ်တာနဲ့ မှတ်ဉာဏ်အားနည်းတာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသက်ကြီးတာနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သစ်သီးဝလံတွေကို စားတာကြောင့် အယ်လ်ဇိုင်းမားရောဂါ၊ အူမကြီးကင်ဆာတို့ မဖြစ်အောင်လည်း ဟန့်တားပေးနိုင်ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top