Healthy Life Ad
Health Tips

ကိုယ်အလေးချိန်မပြည့်ဘဲ ပိန်နေသလား

– ငွေကြယ်စင်ယံ

BMI တွက်နည်းကိုသုံးပြီး ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းကို တွက်ချက်စစ်ဆေးကြည့်တဲ့အခါမှာ ကိုယ်အလေးချိန်က ပုံမှန်ရှိသင့်သလောက်မရှိဘဲ ပိန်နေပါသလား။ ကိုယ်အလေးချိန်မပြည့်ဘဲ ပိန်လွန်းတာကလည်း ကျန်းမာရေးအတွက် အရိုးပါးလွယ်တာလိုမျိုး ဆိုးကျိုးတချို့ဖြစ်စေနိုင်တာကြောင့် ကိုယ်အလေးချိန်ပြည့်ပြီး ပိုမိုကြည့်ကောင်းလာစေမယ့် နည်းလမ်းတွေကို အကြံပြုလိုက်ရပါတယ်။

ပိန်တဲ့သူတွေအတွက် ကိုယ်အလေးချိန်တက်လာအောင် ကြိုးစားရတာကလည်း ဝတဲ့သူတွေ ကိုယ်အလေးချိန်လျော့ကျအောင် ကြိုးစားရတာလိုပဲ မလွယ်ပါဘူး။ ကိုယ်အလေးချိန်တက်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကိုစားပြီး ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ပေးဖို့ လိုပါတယ်။

– မကြာခဏစားပါ- တစ်နေ့တာအတွင်း အစားအစာကို နှစ်ကြိမ်၊ သုံးကြိမ်စားမယ့်အစား ငါးကြိမ်၊ ခြောက်ကြိမ်ခန့် စားပေးပါ။

– အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုစားပါ- ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ခန္ဓာပြည့်တင်းမှုရှိစေဖို့ အခွံချွတ်မထားတဲ့ အစာတွေ(ဥပမာ- ပေါင်မုန့်ညို၊ ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အဆီနည်းအသား၊ အရေခွံမပါတဲ့ ကြက်သား၊ ငါး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကို ရွေးချယ်စားပေးပါ။

– ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ- ကယ်လိုရီနည်းပြီး အာဟာရတန်ဖိုးမပါသလောက်ပဲ ရှိတဲ့အချိုရည်တွေကို ရှောင်ပါ။ သစ်သီးဖျော်ရည်၊ နွားနို့၊ ဒိန်ချဉ်နဲ့ ရေကိုများများသောက်ပါ။ ထမင်းမစားခင် နာရီဝက်အလိုနဲ့ စားပြီး နာရီဝက်အတွင်းမှာ အရည်သောက်ပါ။ ထမင်းစားခါနီးသောက်ရင် ဗိုက်ပြည့်တင်းကာ အစာစားချင်စိတ်နည်းသွားပါလိမ့်မယ်။

– ကယ်လိုရီများသော သရေစာစားပါ

– ကယ်လိုရီပါဝင်မှုများတဲ့ အစာတွေ၊ ဥပမာ-အခွံမာသီး၊ မြေပဲထောပတ်၊ ဒိန်ခဲ၊ သစ်သီးခြောက်နဲ့ ထောပတ်သီးစတာတွေကိုစားပါ။ အိပ်ရာဝင်ချိန်မှာ နွားနို့၊ ငှက်ပျောသီး စတဲ့ အစာတွေစားပါ။

– ရောစားပါ- ကြက်သားကို ဟင်းသီးဟင်း ရွက်စွပ်ပြုတ်ထဲ ထည့်ပြုတ်ကာ သောက်တာမျိုး၊ ကြက်ဥ၊ ဘဲဥကို ဟင်းသီးဟင်းရွက်နဲ့ ရောကြော်တာမျိုး၊ ကုလားပဲကို ဟင်းသီးဟင်းရွက်အစုံအလင် ထည့်ချက်တာမျိုး အရောအနှောတွေပြုလုပ်ကာ စားပေးပါ။

– လေ့ကျင့်ခန်းလုပ်ရန် မမေ့ပါနှင့်- ကြွက်သားထုထည်ကြီးလာစေဖို့နဲ့ ခန္ဓာကိုယ်ပြည့်တင်း သန်စွမ်းလာစေဖို့ အလေးမတာလို လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ပေးပါ။ ဒီလို လေ့ကျင့်ခန်းလုပ်ပေးတာကြောင့် သင်ရဲ့ အစာစားချင်တဲ့ဆန္ဒကို တိုးမြင့်လာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top