Healthy Life Ad
International

အမြွှာနှစ်ဦးအနက် တစ်ဦး၌ပင် ဒေါင်းဆင်ဒရုန်းရောဂါစုရှိနေသော ရှားပါးသည့်ဖြစ်ရပ်

၊ ကိုထက် ၊

ကယ်လီဖိုးနီးယားနိုင်ငံ၊ ဆန်ဒေးဂိုးမှ အသက် ၂၂နှစ်အရွယ်ဂျူလီယာနဲ့ မိုက်ကယ်တို့ရဲ့ ဖြစ်ရပ်က ကမ္ဘာ့အရှားပါးဆုံး အမြွှာစုံတွဲပင်။ အကြောင်းကတော့ ဂျူလီယာမှာ ဒေါင်းရောဂါစုမရှိဘဲ သူ့အမြွှာမောင်ဖြစ်သူ မိုက်ကပ်မှာ ဒေါင်းရောဂါစုရှိနေလို့ပါပဲ။ ဒါပေမဲ့ မိုက်ကပ်ဟာ ခရိုမိုဇုမ်းအမှတ် ၂၁ မပါဘဲ မွေးလာလို့ တွေးခေါ်နိုင်စွမ်း နှောင့်နှေးရုံကလွဲပြီး အမြွှာအစ်မဖြစ်သူနဲ့ အရာရာကို မျှဝေနေထိုင်တတ်သူဖြစ်ပါတယ်။

မိုက်ကပ်က မွေးရာပါ မျိုးဗီဇဝေဒနာကြောင့် စကားမပြောနိုင်ပေမယ့် ရေကူးတာ၊ ပင်လယ်ကမ်းခြေသွားတာ၊ ပင်လယ်လှိုင်းတွေကို စောင့်ကြည့်တာ စတဲ့ မွေ့လျော်မှုတွေမှာ တူညီတယ်လို့ ဂျူလီယာကဆိုပါတယ်။ သူတို့မိခင် ဂရေဇနာက အသက် ၄၀ အရွယ်မှာ ကိုယ်ဝန်ရှိလာခဲ့ပေမယ့် မွေးပြီးတဲ့အထိ မိုက်ကယ်မှာ ဒေါင်းရောဂါစုရှိမှန်း မသိခဲ့ပါဘူး။

အသက် ၃၅ နှစ်ကျော် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ရင် ဒေါင်းဆင်ဒရုန်းရောဂါစုရှိတဲ့ ကလေးမွေးနိုင်ခြေ ၃၅၀မှာ တစ်ဦးရှိတတ်ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသမီးကိုယ်ဝန်ဆောင်ရင် ဒေါင်းဆင်ဒရုန်းရောဂါစုရှိတဲ့ ကလေးမွေးနိုင်ခြေ ၁၀ဝ မှာ တစ်ဦး၊ အသက် ၄၅ နှစ်အရွယ်အမျိုးသမီး ကိုယ်ဝန်ဆောင်ရင် ဒေါင်းဆင်ဒရုန်းရောဂါစုရှိတဲ့ ကလေးမွေးနိုင်ခြေ ၃၀ မှာ တစ်ဦးရှိတယ်လို့ သိရပါတယ်။

ဒေါင်းဆင်ဒရုန်းရောဂါစုရဲ့ သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာအနေနဲ့ ဦးခေါင်းသေးငယ်ခြင်း၊ မျက်နှာပြားခြင်း၊ ကြွက်သားလျော့ရဲခြင်း၊ နှာခေါင်းပြားခြင်း စတာတွေရှိပြီး တွေးခေါ်နိုင်စွမ်း နှောင့်နှေးတာကတော့ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ “မွေးပြီးမှ သူတို့အမြွှာက မတူဘူးဆိုတာ သိခဲ့ရပါတယ်။ မိုက်ကယ်က အေးဆေးတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို သဘောကျပြီး ဂျူလီယာကတော့ စူးစူးရှရှငိုတတ်တဲ့ကလေးပါ”လို့ သူတို့မိခင်က ဆိုပါတယ်။

သူတို့အမြွှာက ကျောင်းအတူတူတက်ခဲ့ပေမယ့် ဂျူလီယာကသာ ကောလိပ်တက်နိုင်ခဲ့ပါတယ်။ ဂျူလီယာက သူတို့အကြောင်းကို ဘလော့ဂ် တစ်ခုစရေးခဲ့ပြီး သူ့အမြွှာမောင်က စကားမပြောနိုင်ပေမယ့် သူတို့အချင်းချင်း ကိုယ်ပိုင်ဘာသာစကားနဲ့ ဆက်သွယ်နိုင်တယ်လို့ ဆိုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top