Healthy Life Ad
Q & A

နာတာရှည် ခေါင်းကိုက်ဝေဒနာ စွဲကပ်ခြင်း

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ခေါင်းကိုက်တဲ့ ဝေဒနာတွေအကြောင်း သိပါရစေဆရာ။

ဖြေ. ခေါင်းကိုက်တာက အမျိုးမျိုးရှိပါတယ်။ တချို့က ခေါင်းတခြမ်းကိုက်တယ်၊ တချို့က ခေါင်းတစ်ခုလုံး ကိုက်တယ်၊ တချို့ကလည်း ဇက်ကြောတက်ပြီး ခေါင်းကိုက်တယ်၊ တချို့ကလည်း ခေါင်းထဲမှာ ထုံကျဉ်ပြီး ဆတ်ခနဲကိုက်တယ်၊ တချို့က အလင်းရောင် မခံနိုင်ဘဲ ခေါင်းကိုက်တယ်၊ တချို့က အသံစူးစူး ကြားတာနဲ့ မခံစားနိုင်ဘဲ ခေါင်းကိုက်တယ်၊ တချို့က စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တယ်. . စသဖြင့် ခံစားရ တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နေ့စဉ်နဲ့အမျှ ခေါင်းကိုက်တယ်၊ အလင်းရောင်ဒဏ်လည်း မခံနိုင်ဘူး၊ ဆူညံတဲ့ဒဏ်လည်းမခံနိုင်ဘူး . . စသဖြင့် ဝေဒနာတွေ ဖြစ်လာပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု တွေရှိလာပါတယ်။ တချို့ဆိုရင်လည်း ခေါင်းကိုက်လို့ စိတ်ပူပင်သောက ဖြစ်နေတယ်၊ တချို့ကျတော့ ရောဂါဝေဒနာတွေဖြစ်လို့ သောကများပြီး ခေါင်းကိုက်တယ်၊ တချို့ဆိုခေါင်းကိုက်တာက နာတာရှည် ဖြစ်နေတော့ စိတ်ဖိစီးမှုများတာနဲ့ စိတ်ကျဝေဒနာ ခံစားရတာတွေအထိ ဖြစ်တတ်ပါတယ်။
တချို့ကျတော့လည်း နေ့စဉ်နဲ့အမျှ ခေါင်းကိုက်နေတဲ့အတွက် ဆေးကို အမြဲတမ်း စွဲသောက် နေရတဲ့သူတွေရှိပါတယ်။ အဲဒီလို ဆေးစွဲသောက်ရတဲ့အတွက် စိတ်ညစ်ရသူတွေလည်း ရှိပါတယ်။

မေး. ခေါင်းကိုက်တာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ခေါင်းကိုက်ရတဲ့ တချို့အကြောင်းရင်းတွေကိုတော့ သေချာမပြောနိုင်ပေမယ့် တချို့အခြေအနေတွေနဲ့ ဆက်စပ်ဖြစ်ပေါ်တတ်တာကိုတော့ သိရှိရပါတယ်။ ဥပမာပြောရရင် ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့ အခါ ခေါင်းကိုက်ဝေဒနာ ရတတ်ပါတယ်။ ဦးနှောက်ထဲမှာ အကျိတ်ရှိရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ စိတ်ဖိအားများရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ တစ်ခါတလေကျရင် ဦးနှောက်အမြှေးရောင် ရောဂါကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။ တစ်ခါတလေ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကြောင့်လည်း ဦးနှောက်သွေးကြော ရောင်တဲ့အခါ ခေါင်းကိုက်တတ်တယ်လို့ တွေ့ရှိရပါတယ်။ အရက်သောက်သူတွေ၊ အိပ်ရေးမဝသူတွေလည်း ခေါင်းကိုက်တတ်ပါတယ်။

မေး. တချို့လူတွေမှာ ခေါင်းကိုက်တာကို နေ့စဉ်လိုလို ခံစားနေရတဲ့အတွက် ကိုယ့်ဘာသာ အကိုက်အခဲပျောက်ဆေး သောက်လိုက်တာမျိုးနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ဒီလို နာတာရှည် ခေါင်းကိုက်တတ် သူတွေအနေနဲ့ နောက်ဆက်တွဲ ဘာဖြစ်တတ်ပါသလဲ ဆရာ။

မေး. နေ့တိုင်း ခေါင်းကိုက်နေတဲ့အခါကျတော့ နောက်ဆက်တွဲဝေဒနာအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာရတာတွေ၊ စိတ်ဓာတ်ကျတာတွေ၊ စိတ်သောကများရ တာတွေ ဖြစ်တတ်ပါတယ်။
မေး. နာတာရှည် ခေါင်းကိုက်ပြီဆိုရင် ဘာကြောင့် ဖြစ်ရသလဲဆိုတာကို ဘယ်လို ရောဂါရှာဖွေသင့်ပါသလဲ ဆရာ။

ဖြေ. နာတာရှည်ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့ အခြေခံ အကြောင်းတရားကို ရှာဖွေစဉ်းစားပြီးတော့ ကုသမှုပေးရပါမယ်။ ဦးနှောက်အကျိတ်ကြောင့် ဖြစ်တာလား၊ ဦးနှောက်သွေးကြောရောင်နေတာလား၊ ဦးနှောက်အမြှေးရောင်ပိုးကြောင့် ဖြစ်တာလား စတာတွေကို သိဖို့ လိုအပ်ရင် သွေးဖောက်စစ်မယ်၊ စီတီစကင်၊ ရိုက်ပြီး ရောဂါရှာရတာတွေ ရှိပါတယ်။

မေး. ခေါင်းကိုက်တဲ့သူကို ဘယ်လိုပံ့ပိုးကူညီသင့်ပါ သလဲဆရာ။

ဖြေ. ဒီလိုဖြစ်လာတဲ့အခါ အနီးအနားက မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေက သူ့ကို နားလည်ပေး ဖို့လိုအပ်ပါတယ်။ သူရဲ့ စိတ်ပိုင်းဆိုင်ရာကို ပံ့ပိုးကူ ညီအားပေးဖို့လိုအပ်ပါတယ်။ အခုနောက်ပိုင်းမှာ ရောဂါရှိသူအချင်းချင်း အစုအဖွဲ့ ဖွဲ့ပြီး တစ်ဦးနဲ့ တစ်ဦး အားပေးကြတဲ့ ပုံစံလေးတွေဖြစ်လာတာ ကောင်းပါတယ်။ ကိုယ်နဲ့ဝေဒနာတူတဲ့ သူအချင်းချင်း စကား ပြောလိုက်တဲ့အခါ ကိုယ့်ဝေဒနာသက်သာသလို တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အတွေ့အကြုံတွေ ကို ဖလှယ်လို့ရပါတယ်။

မေး. ခေါင်းကိုက်တတ်သူတွေက ဘာတွေကို ဆောင်သင့်၊ ရှောင်သင့်ပါသလဲ ဆရာ။

ဖြေ. ရှောင်သင့်တာက ဆေးဝါးတွေကို အလွန်အကျွံ သောက်သုံးတာ မလုပ်သင့်ပါဘူး။ အကိုက်အခဲ ပျောက်ဆေးကို လိုအပ်တာထက် ပိုသောက်နေရင် သူရဲ့တန်ပြန်ဆိုးကျိုးအနေနဲ့ ပြန်ခေါင်းကိုက်စေတာ ရှိပါတယ်။

ခေါင်းကိုက်တတ်သူတွေအနေနဲ့ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့လည်း လိုအပ်ပါတယ်။ အစားအသောက်ကို မှန်မှန်စားဖို့ လိုပါတယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညစာ စတာတွေကို ကျန်းမာရေးနဲ့ အညီ မှန်မှန်စားပေးသင့်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်သင့်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ဖို့ လိုအပ်ပါတယ်။ တတ်နိုင်ရင် ကော်ဖီ၊ လက်ဖက်ရည်၊ အရက်မသောက်ရင် ပိုသင့်တော်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top