Healthy Life Ad
International

ဂေါက်အဆစ်ရောင်ရောဂါက နှလုံးရောဂါနှင့်လည်း ဆက်စပ်မှုရှိကြောင်း လေ့လာသူများ ပြောကြား

၊ ကိုထက် ၊

ဂေါက်အဆစ်ရောင်ရောဂါဟာ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတချို့နဲ့ ဆက်စပ်လျက်ရှိတယ်လို့ အစောပိုင်း လေ့လာသူတွေက ပြောကြားထားပါတယ်။ ယခုလေ့လာမှုတစ်ရပ်မှာတော့ ဂေါက်ရောဂါရှိတဲ့ နှလုံးရောဂါရှင်တွေဟာ တခြားနှလုံးရောဂါ ဝေဒနာရှင်တွေထက် နှလုံးရုတ်တရပ်ရပ်သွားချိန်မှာ သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်း ပိုများတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာတင် ဂေါက်အဆစ်ရောင်ရောဂါရှိသူ အမျိုးသား ၆ သန်းရှိပြီး အမျိုးသမီး ၂ သန်းရှိတယ်လို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ စုစုပေါင်း ၂ သန်းလောက်ဟာ ဂေါက်အဆစ်ရောင် ရောဂါဝေဒနာရှင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ကာရိုလိုင်းနားမြောက်ပိုင်းခရိုင်ရှိ နှလုံး အထူးကုများဟာ နှလုံးရောဂါဝေဒနာရှင် ၁သိန်း၇သောင်းကျော်ကို လေ့လာမှုပြုခဲ့ကြပါတယ်။ လေ့လာမှုအရ အဆစ်တွေမှာများပြားလာတဲ့ ယူရစ်အက်ဆစ်တွေဟာ သွေးကြောတွေထဲသို့ ဝင်ရောက်လာပြီးနောက်ပိုင်း တခြားကိုယ်အင်္ဂါတွေအပြင် နှလုံးကိုလည်း များစွာထိခိုက်မှုရှိစေတယ်လို့ ဆိုပါတယ်။ အရင်ကလည်း နှလုံးရောဂါနဲ့ ဂေါက်အဆစ်ရောင်ရောဂါဟာ ဆက်စပ်နိုင်တယ်လို့ လေ့လာမှုတွေ များစွာပြုလုပ်ခဲ့ဖူးပေမယ့် တိတိကျကျ တွေ့ရှိမှုတွေမရခဲ့ပါဘူး။ အခု ဒေါက်တာပက်ဂီဒီ ဦးဆောင်ပြီး ၆ နှစ်ကျော်ကြာ လေ့လာမှုမှာတော့ ပိုမိုထင်ရှားတဲ့ အထောက်အထားတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လေ့လာမှုထဲမှာ နှလုံးရောဂါနဲ့ ဂေါက်အဆစ်ရောင်ရောဂါ နှစ်မျိုးလုံး ခံစားနေရသူလူနာ ၁၄၀ဝကျော်ပါဝင်တယ်လို့ ဆိုပါတယ်။ ဂေါက်အဆစ်ရောင်ရောဂါဟာ နှလုံးဝေဒနာကို ပိုမိုဆိုးရွားတဲ့ ရလဒ်တွေဖြစ်စေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပြီး သေဆုံးနိုင်ခြေဟာ နှလုံးရောဂါတစ်မျိုးတည်းရှိတဲ့ သူတွေထက် နှစ်ဆပိုများတယ်လို့လည်း ဆိုပါတယ်။ လူအများစုက ဂေါက်အဆစ်ရောင်ရောဂါနဲ့ နှလုံးရောဂါဟာ ဆက်စပ်မှုမရှိဘူးဆိုပြီး ပေါ့လျော့နေကြတယ်လို့လည်း ဆိုပါတယ်။

“အခုလေ့လာမှုတွေထဲမှာပါဝင်တဲ့ ဝေဒနာရှင်တွေဟာ အချိန်ကာလကြာစွာ ဂေါက်အဆစ်ရောင် ရောဂါရှိမှန်းမသိတာ၊ မကုသခဲ့တဲ့သူတွေများပါတယ် ၊ အခုနောက်ပိုင်း နှလုံးရောဂါရှင်တွေကို ဂေါက်အဆစ်ရောင်ရောဂါကိုပါ စစ်ဆေးပေးပြီး နှစ်ခုလုံးကို ကုသမှုပေးမယ်ဆိုရင် ရလဒ်တွေ ဘယ်လောက် ကောင်းလာနိုင်မလဲဆိုတာကိုတော့ ဆက်လက် လေ့လာရဦးမှာပါ”လို့ ဦးဆောင်လေ့လာသူ ဒေါက်တာ ပက်ဂီဒီက ပြောပြခဲ့ပါတယ်။

“ဂေါက်အဆစ်ရောင်ရောဂါဟာ အဆစ်တွေကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး၊ ခန္ဓာကိုယ်အတွင်း နေရာအနှံ့အပြားကို ထိခိုက်စေနိုင်ပါတယ်၊ အဆစ်ရောင်ရောဂါလို့ဆိုပေမယ့် အဆစ်ကိုပဲ ဂရုစိုက်နေ ဖို့လိုအပ်တာမဟုတ်ပါဘူး၊ အခုအစောပိုင်း လေ့လာမှု ထုတ်ပြန်ချက်တွေကတော့ နှလုံးရောဂါနဲ့ ဂေါက် အဆစ်ရောင်ရောဂါ ဆက်စပ်နေတယ်ဆိုတာကို လူအများသိရှိဖို့ သတိထားမိကြစေဖို့အတွက်ဖြစ်ပါတယ်၊ ပိုပြီးတိကျတဲ့ ဆက်နွယ်မှုတွေနဲ့ အချက်အလက်တွေရဖို့ကတော့ လေ့လာဖို့လိုပါသေးတယ်” လို့ ဘာမင်ဟန်တက္ကသိုလ်မှ ဂေါက်ရောဂါလေ့လာသူ ဒေါက်တာဂျက်စ်ဗင်တာကပြောပြခဲ့ပါတယ်။

(Ref ; DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာဂေါက်အဆစ်ရောင်ရောဂါက နှလုံးရောဂါနှင့်လည်း ဆက်စပ်မှုရှိကြောင်း လေ့လာသူများ ပြောကြားရးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top