Healthy Life Ad
International

စိတ်ဓာတ်ကြံခိုင်သော မျက်နှာအကြောသေရောဂါဝေဒနာရှင်

၊ ကိုထက် ၊

မက်ကူလီကိုလင်းစန်ဟာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ လန်ကတ်စဆာမြို့မှာ နေထိုင်ပါတယ်။ သူဟာ ဘဝတစ်လျှောက်လုံး တစ်ခါမှမပြုံးမရယ်ဖူးသူဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ လူပေါင်းတစ်သန်းမှာ တစ်ယောက်သာဖြစ်နိုင်ခြေရှိတဲ့ မျက်နှာအာရုံကြော မသန်စွမ်းတဲ့ ရောဂါရှင်တစ်ဦးဖြစ်နေတာကြောင့်ပါ။

ဒီရောဂါဟာ အာရုံကြောဆိုင်ရာ ဝေဒနာတစ်မျိုးဖြစ်ပြီး မျက်နှာရှိကြွက်သားတွေ လုံးဝမလှုပ်ရှားနိုင်ပါဘူး။ မျက်နှာဟာ ပြုံးတာ၊ ရယ်တာ၊ မဲ့တာတွေလည်း မပြုလုပ်နိုင်ပါဘူး။ မျက်လုံးကိုလည်း မရွေ့နိုင်တဲ့အတွက် ဒီရောဂါဝေဒနာရှင်တွေဟာ စာဖတ်တဲ့အခါ ဒါမှမဟုတ် တစ်ခုခုနောက်ကို လိုက်ကြည့်တဲ့အခါ ဦးခေါင်းကိုလှည့်ပြီး စာဖတ်ရတယ်၊ လိုက်ကြည့်ရတယ်လို့ဆိုပါတယ်။

မက်ကူလီရဲ့ အမေဟာ ကျန်းမာတဲ့မိခင် တစ်ယောက်ဖြစ်ပြီး ကလေးမမွေးခင်အချိန်ထိ ကလေးဟာ ပုံမှန်ဖြစ်တယ်လို့သာ သိထားခဲ့ကြပါတယ်။ ဒါပေမဲ့မွေးလာချိန်မှာတော့ ကလေးဟာ ဒီဝေဒနာပါလာခဲ့သူဖြစ်နေပြီး ဆရာဝန်တွေက ၉ ရက်ခန့် အစာပိုက်နဲ့သာ ကလေးကို နို့တိုက်ခဲ့ရတယ်လို့ သိရပါတယ်။ လအတော်အတန်ကြာအောင် ဆရာဝန်တွေက မက်ကူလီကို ဦးနှောက်ဓာတ်မှန်ရိုက်တာနဲ့ သွေးစစ်ဆေးခြင်းတွေပြုလုပ်ပြီး စစ်ဆေးခဲ့ကြပါတယ်။ ၃ လသားအရွယ်ခန့်မှာတော့ ဆရာဝန်တွေက လမ်းလျှောက်နိုင်မှာမဟုတ်ဘဲ စကားလည်း မပြောနိုင်လောက်ဘူးလို့ မိခင်ဖြစ်သူကို ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ အံသြစရာကောင်းလောက်အောင် မက်ကူလီဟာ ၁၀ လသားအရွယ်မှာ ပထမဆုံး စကားလုံးကို စပြီးအသံထွက်လာနိုင်ခဲ့ပြီး တစ်နှစ်သားအရွယ်မှာတော့ သူရဲ့ ပထမဆုံးခြေလှမ်းကို လှမ်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ သူ့ရဲ့မျက်နှာကပြုံးတာ၊ ရယ်တာတွေ၊ မဲ့တာတွေတစ်ခုမှ မပြုလုပ်နိုင်ပါဘူး။

မက်ကူလီဟာ အလွန်စိတ်ဓာတ်မာကျောသူဖြစ်ပြီး အခုဆိုရင် အလုပ်လည်း လုပ်နေပြီဖြစ်ပါတယ်။ ဝါသနာပါတာတွေကို ပြုလုပ်နိုင်ပြီး သူငယ်ချင်းမိတ်ဆွေတွေလည်း ရှိနေပါပြီ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ကောင်းကောင်းရပ်တည် နေထိုင်နိုင်နေသူဖြစ်နေပြီလို့သိရပါတယ်။

“ကျွန်တော်က မသန်စွမ်းတစ်ယောက်ပါပဲ၊ တချို့လူတွေကနှိမ်ပြီးဆက်ဆံတတ်ကြပေမယ့် ဒါတွေက ကျွန်တော့်စိတ်ပိုင်းဆိုင်ရာကို လုံးဝမထိခိုက်စေပါဘူး၊ လူတွေက အဆိုးပြောလာကြရင် သူတို့ မှားတယ်ဆိုတာကို သက်သေပြမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားခဲ့ပါတယ်၊ ကျွန်တော်က မသန်စွမ်းပါ၊ ဒါပေမဲ့ ကျွန်တော့်ဘဝကပြည့်စုံပါတယ်”လို့ မက်ကူလီကပြောပြခဲ့ပါတယ်။

မက်ကူလီဟာ မိဘအပေါ်သိတတ်တဲ့ သားတစ်ယောက်ဖြစ်ပြီး သူ့လိုကလေးကို မွေးထားရပေမယ့်လည်း သူ့ကြောင့် ဂုဏ်ယူနေစေရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ အပြုံးခွဲစိတ်မှုလို့ နာမည်ပေးပြီး မက်ကူလီကို ပြုံးလာနိုင်အောင် ခွဲစိတ်ကုသဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ခွဲစိတ်မှုတွေဟာ အလွန်နာကျင်တဲ့အတွက် ဆက်လက်ကုသမှုမလုပ်တော့ဖို့ မက်ကူလီဆုံးဖြတ်ခဲ့ပါတယ်။

“လူတိုင်းမှာ တစ်ခုမဟုတ်တစ်ခု လိုအပ်ချက်တွေရှိနေကြတာပါပဲ၊ လူအများစုက အပေါ်ယံအမြင်နဲ့ပဲ သူများရဲ့ မပြည့်စုံမှုကို ဝေဖန်တတ်ကြပါတယ်၊ ကျွန်တော်ကတော့ တခြားမသန်စွမ်းတွေနဲ့ စကားပြောရတာ သဘောကျပါတယ်၊ သူတို့မှာ မသန်စွမ်းတာက ဘယ်အရာ၊ ပိုပြီးသန်စွမ်းတာက ဘယ်အရာဆိုတာ မြင်လာအောင် ကျွန်တော်က ကူညီအားပေးပြီး အမြဲပြောပြပေးပါတယ်”လို့ မက်ကူလီကပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top