Healthy Life Ad
Health Tips

အိမ်သာအနံ့အသက် ကောင်းမွန်စေမည့် နည်းလမ်းများ

၊ ကိုထက် ၊

အိမ်မှာရှိတဲ့ အခြားအခန်းတွေထက် အိမ်သာ ဒါမှမဟုတ် ရေအိမ်ကတော့ လေထုသန့်စင်ဖြန်းဆေး (Air Freshener Spray) ဖြန်းပေးဖို့ ပိုလိုအပ်လေ့ရှိပါတယ်။ ထိုဖြန်းဆေးဗူးလေးတစ်ဗူးကို ဆိုင်က သွားဝယ်လိုက်တာက ဘယ်လောက်မှမခက်ခဲပါဘူး။ ဒါပေမဲ့ အဲဒီဖြန်းလိုက်တဲ့ဆေးတွေက သင်နဲ့ သင့်မိသားစုတွေ ရှုရှိက်မိရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ သင့်အိမ်က အနံဆိုးထွက်နေတဲ့ ရေအိမ်ကို ဖြန်းဆေးမဖြန်းဘဲ အနံ့အသက်ကောင်းမွန်စေတဲ့ တခြားနည်းလမ်းတွေ ရှိနေပါသေးတယ်။

– ရေအိမ်အနံ့အသက်ကောင်းမွန်စေရန် ရနံ့ဆီကို သုံးပါ

ရနံ့ဆီဟာ သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ အဆီပြစ်တွေဖြစ်ပါတယ်။ ထိုရနံ့ဆီကို အမျိုးမျိုးအသုံးပြုနိုင်ပါတယ်။ ရေအိမ်ကိုအနံ့အသက် ကောင်းအောင်လုပ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်နှစ်သက်တဲ့ ရနံ့အဆီကို အိမ်သာသုံး စက္ကူလိပ်ရဲ့အတွင်းမှာရှိတဲ့ ကဒ်ထူစက္ကူပေါ်မှာ အနည်းငယ်ဆွတ်ပေးထားပါ။ စက္ကူစကိုဆွဲယူလိုက်တဲ့ အချိန်တိုင်း မွှေးပျံ့တဲ့အနံ့လေးကို ရနေမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ဝါဂွမ်းစကို ရနံ့ဆီအနည်းငယ်စွတ်ပြီး ရေအိမ်အတွင်း မမြင်သာတဲ့နေရာမျိုးမှာ ထားထားပေးရင်လည်း ရပါတယ်။

– ရေအိမ်အနံ့အသက်ကောင်းမွန်စေရန် ဖယောင်းတိုင်သုံးပါ

လေသန့်ဖြန်းဆေးတွေ ဖြန်းမယ့်အစား ဖယောင်းတိုင်ကို သင့်ရေအိမ်ထဲမှာ ထွန်းထားပေးရင်လည်း မကောင်းတဲ့အနံ့အသက်တွေ လျော့နည်းစေပါတယ်။ ဖယောင်းတိုင်က အနံ့ဆိုးတွေဖြစ်တဲ့ ဂတ်စ်တွေကို လောင်ကျွမ်းသွားစေပါတယ်။ ရိုးရိုး ဖယောင်းတိုင်အပြင် နှစ်သက်ရာ အမွှေးနံ့ပါတဲ့ ဖယောင်းတိုင်ကိုလည်း သုံးလို့ရပါတယ်။ မီးပလတ်ထိုးပြီး ဖယောင်းကိုအပူပေးတဲ့စက်တွေကိုလည်း သုံးလို့ရပါတယ်။ ထိုစက်ကိုသုံးမယ်ဆိုရင်တော့ ဆိုင်မှာဝယ်တဲ့ အမွှေးဖယောင်းတွေအစား အုန်းဆီအခဲကိုပဲသုံးပါ။ အုန်းဆီအခဲက အပူပေးလိုက်တဲ့အခါမှာ အရည်အဖြစ်သို့ ပြောင်းလဲလာပါလိမ့်မယ်။ အဲဒီမှာသင်နှစ်သက်တဲ့ ရနံ့ဆီကိုအနည်းငယ်ထည့်ပေးလိုက်ခြင်းဖြင့် ပိုကောင်းတဲ့အနံ့အသက်ကို ပေးနိုင်မှာဖြစ်ပါတယ်။

– ရေအိမ်အနံ့အသက်ကောင်းမွန်စေရန် အမွှေးနံ့လွှတ်ကိရိယာကိုသုံးပါ

အနံ့လွှတ်ကိရိယာက မွှေးကြိုင်သင်းပျံ့တဲ့အနံ့တွေကို ဖြေးဖြေးလေးဖြင့် တစ်ချိန်လုံးထုတ်လွှတ် ပေးနေနိုင်ပါတယ်။ လေသန့်စင်ဖြန်းဆေးဖြန်းတာထက် ပိုကောင်းပါတယ်။ အဲဒီကိရိယာထဲမှာ အမွှေးရနံ့ပုလင်းတစ်ခုပါပါတယ်။ အဲဒီပုလင်းကုန်သွားရင် သင်အသစ်ထပ်ဝယ်ဖို့လည်းမလိုပါဘူး။ သင်နှစ်သက်တဲ့ ရနံ့ဆီနဲ့ ဖြည့်ဆီနဲ့ရောပြီး သင်ကိုယ်တိုင် ပြန်ဖြည့်လို့ရပါတယ်။ အဖြည့်ဆီက အနံ့မရှိပါဘူး။ ရနံ့ဆီအနည်းငယ်ရောထားရုံနဲ့ အနံ့ကို မပြင်းဘဲ သင်းသင်းလေးထွက်နေအောင်နဲ့ ကြာကြာခံစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top