Healthy Life Ad
International

သားအိမ်အစားထိုးပြီးနောက် အောင်မြင်စွာ ကလေးမွေးဖွားခဲ့သူ

၊ ကိုထက် ၊

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဆာဗီးယားအမျိုးသမီးတစ်ဦးဟာ မွေးရာပါ သားအိမ်မပါတဲ့သူပါ။ သူရဲ့ အမြွှာညီအစ်မဆီမှသားအိမ်ကို အစားထိုးမှုပြုလုပ်ခဲ့ပြီး နောက်သားလေးတစ်ယောက်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။သူဟာ သားအိမ်သာမက သားအိမ်ခေါင်းနဲ့ တခြားအမျိုးသမီးအင်္ဂါအစိတ်အပိုင်းတွေ မွေးရာပါမပါသူဖြစ်ပါတယ်။ ဒါပေမဲ့ သားဥအိမ်နဲ့ သားဥတွေကတော့ ပုံမှန်ဖွံ့ဖြိုးမှုရှိပါတယ်။

သူ့ကို ၂၀၁၇ ခုနှစ် မတ်လမှာ ဆွီဒင်ဆေးပညာရှင်အဖွဲ့မှဦးဆောင်ပြီး ဆာဗီးယားနိုင်ငံရှိ ဘယ်ဂရတ်အပြည်ပြည်ဆိုင်ရာ ကလေးဆေးရုံကြီးမှာ သားအိမ်အစားထိုးကုသမှုပြုလုပ်ခဲ့ကြပါတယ်။ ဒီအစားထိုးမှုကို ဘက်ဂရတ်မှဆရာဝန်များသာမက၊ ဟားဗက်ဆေးကျောင်းမှ ပညာရှင်များ၊ ပထမဦးဆုံး သားအိမ်အစားထိုး မှုကို ၂၀၁၄ခုမှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တဲ့ ဒေါက်တာဘရမ်စတုံးတို့က ကူညီမှုတွေ ပေးခဲ့တယ်လို့သိရပါတယ်။ အစားထိုးမှုဟာ ၁၅ နာရီကြာမြင်ခဲ့ပြီး ညီအမနှစ်ယောက်လုံး ထူးထူးခြားခြားနာကျင်တာတွေ နောက်ဆက်တွဲဝေဒနာတွေမရှိဘဲ အောင်မြင်စွာပြီးမြောက်ခဲ့တယ်လို့ ဆိုပါတယ်။
သားအိမ်ပေးတဲ့ အစ်မဖြစ်သူဟာ ကလေး သုံးယောက်ရှိပြီးဖြစ်ပါတယ်။ သားအိမ်အစားထိုးမှုပြီးနောက် ညီမကို ဦးစွာ ဖန်ပြွန်သန္ဓေသားနည်းနဲ့ သန္ဓေအောင်စေခဲ့ပါတယ်။ အဲဒီနောက် အီတလီရှိ ဆေးရုံမှာ ၆ပေါင်ခွဲရှိတဲ့ သားယောကျာ်းလေးတစ်ယောက်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ ကလေးကို တွေ့ချိန်မှာ သူဟာ ဝမ်းသာလွန်းလို့ အလွန်အမင်း ငိုခဲ့တယ်လို့ဆိုပါတယ်။ သူ့ကို အီတလီရှိ မျိုးဆက်ပွားလေ့လာရေးဆေးအဖွဲ့မှ အချိန်ပြည့် စောင့်ရှောက်မှုပေးခဲ့ပြီး ကိုယ်ဝန်ရှိစဉ်ရော ကလေးမွေးဖွားချိန်မှာပါ ပြဿနာတစ်စုံတစ်ရာမရှိဘဲ အပြည့်အဝအဆင်ပြေတယ်လို့ အီတလီသတင်းဌာနတွေကို ဖြေခဲ့ပါတယ်။

သူဟာ ဒီလိုသားအိမ်အစားထိုးပြီး အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့သူ ၁၂ ဦးမြောက်မိခင်ဖြစ်ပြီး ပထမဦးဆုံး အမြွှာညီအစ်မထံမှ သားအိမ်ရယူအစားထိုးခြင်းပြုလုပ်ခဲ့သူ ဖြစ်တယ်လို့သိရပါတယ်။ တစ်ကမ္ဘာလုံးရှိ အမျိုးသမီး ၄၅၀ဝ ဦးမှာတစ်ယောက်က ဒီလိုမွေးရာပါ သားအိမ်မပါဝင်ခြင်းဖြစ်လေ့ရှိပြီး အခုလိုအောင်မြင်မှုတွေ ရရှိနေတာက ဒီအမျိုးသမီးတွေအတွက် မျှော်လင့်ချက်တွေ ပိုမိုခိုင်မာ လာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top