Healthy Life Ad
International

အင်္ဂလန်နိုင်ငံတွင် ပိုးဆိပ်သင့်ခြင်းကို အပြင်းထန်ဆုံးခံစားခဲ့ရသည့် အမျိုးသမီး

၊ ကိုထက် ၊

ကလေးနှစ်ယောက်မိခင်၊ အသက် ၄၀ အရွယ် ကီလက်တီဟာ အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ပြင်းထန်တဲ့ ပိုးဆိပ်သင့် ဝေဒနာကို ၁၄ ပတ်ကြာအောင် ခံစားခဲ့ရပါတယ်။ သူရဲ့ ပိုးဆိပ်သင့်ခြင်းဟာ တွေ့ဖူးနေကြ ပိုးဆိပ်သင့်ခြင်းတွေထက် အဆပေါင်းများစွာ ပြင်းထန်ခဲ့တဲ့အတွက် ဆရာဝန်တွေက အင်္ဂလန်နိုင်ငံအတွင်း အပြင်းထန်ဆုံး ဖျားနာခဲ့သူအဖြစ် ပြောဆိုခဲ့ကြပါတယ်။

ကီလတ်တီဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကုန်မှာ အသက်ရှူရခက်ခဲလာပြီး အော့အန်ခြင်းတွေ၊ ဝမ်းလျှောခြင်းတွေဖြစ်ပြီးနောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆေးရုံသို့ အပြေးအလွှားရောက်ရှိလာခဲ့ပါတယ်။ စစ်ဆေးမှုပြုလုပ်ပြီးနောက် ဆရာဝန်တွေက ပိုးဆိပ်သင့်ခြင်းဖြစ်ကြောင်း အတည်ပြုပြီး ကုသမှုတွေပြုလုပ်ပေးခဲ့ကြပါတယ်။ ကီလတ်တီဟာ အဖျားပိုးတစ်မျိုး ကူးစက်ခံခဲ့ရပြီးနောက် သွေးတွင်းရှိကိုယ်ခံအားတွေက လိုတာထက်ပိုခုခံပြီး ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပြန်လည်ထိခိုက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူ စတင်ဖျားကတည်းက တစ်နေ့တခြား ပိုမိုဆိုးရွားလာခဲ့ပြီး ပိုပြီးမြင့်မားတဲ့ အထူးကုသစောင့် ရှောက်မှုတွေကို တိုးမြှင့်ပေးလာခဲ့ရပါတယ်။ အမျိုးသားဖြစ်သူ မတ်ခ်က ဆေးရုံမှာ အမြဲနေပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ နှစ်ပတ်အကျော်အကြာမှာတော့ ကီလတ်တီဟာ နာတာရှည် သတိမေ့ဝေဒနာ ကိုမာဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်။ သူရဲ့ နှလုံး၊ ကျောက်ကပ်နဲ့ အသည်းတွေမှာ ထိခိုက်မှုတွေ အပြင်းအထန်ဖြစ်ပေါ်လာခဲ့ပြီး နှလုံးရပ်သွားနိုင်တဲ့ အခြေအနေထိဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်ရှူစနစ်တွေလည်း ပျက်စီးစပြုလာတယ်လို့ ဆရာဝန်တွေကပြောပြီး အချိန်မရွေးအသက်ဆုံးရှုံးသွားနိုင်တဲ့အတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့ မတ်ခ်ကိုပြောခဲ့ကြတယ်လို့ သိရပါတယ်။

သက်ကြီးစောင့်ရှောက်ရေးဆေးရုံမှ အထူးကုဆေးရုံသို့ပို့ပြီး ဆရာဝန်တွေက သူရဲ့နှလုံးနဲ့ သွေးလှည့်ပတ်မှုကို ထိန်းသိမ်းနိုင်မယ့် ပြင်ပမှအောက်ဆီဂျင် ထောက်ပံ့ပေးတဲ့ကုသမှုတစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ပြီး ကုသမှုပေးခဲ့ကြပါတယ်။ ဒီကုသမှုရလဒ်က ထိရောက်မှုအလွန်နည်းပေမယ့် တဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ရာမှ အခုဆိုရင် သူရဲ့ အသက် ၄၀ ပြည့်မွေးနေ့ကို ကျင်းပနိုင်ခဲ့ပြီ ဖြစ်တယ်လို့သိရပါတယ်။

အသက်သေဆုံးဖို့ အခြေအနေ အကြိမ်ကြိမ်ကြုံခဲ့တဲ့ ကီလက်တီက အထူးကြပ်မတ်ဆောင်သို့ ၇ ကြိမ်ခန့် ရောက်ခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ ကိုယ်တွင်းအင်္ဂါတွေကို တဖြည်းဖြည်းဆက်လက်ကုသမှုပေးရမှာဖြစ်ပြီး သွေးကြောတွေအလွန်အမင်း ပျက်စီးသွားတဲ့ ခြေထောက်နှစ်ဖက်ကိုလည်း ဖြတ်ပစ်လိုက်ရပါတယ်။ “သူဟာ စတပ်ပတိုကိုကယ် ဘက်တီးရီးယားအုပ်စုတစ်မျိုးကြောင့် ဒီလိုဖြစ်ခဲ့တယ်လို့တွေ့ရှိ ရပေမယ့် ဘာကြောင့် ဒီလောက်ထိဆိုးရွားသွားလဲဆိုတာတော့ နားမလည်နိုင်အောင်ပါပဲ… အင်္ဂလန်နိုင်ငံအတွင်း ပိုးဆိပ်သင့်တာကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေထဲမှာ ဒီတစ်ခုက အပြင်းထန်ဆုံးပါပဲ”လို့ ကုသမှုပေးခဲ့တဲ့ ဆရာဝန်တစ်ဦးက ပြောပြခဲ့ပါတယ်။

အခြေအနေက ပြန်လည်ကောင်းမွန်လာပေမယ့် ပိုးဆိပ်ကြောင့် ထိခိုက်မှုတွေက အလွန်မြန်ဆန်တဲ့အတွက် ခြေထာက်နှစ်ချောင်းက သွေးမလျှောက်တော့ပါဘူး။ လက်တစ်ဖက်ကလည်း သွေးကြောတွေ ပျက်စီးစပြုနေတဲ့အတွက် သိပ်မကြာခင်မှာ လက်တစ်ဖက်ကိုလည်း ဆုံးရှုံးရဖို့ အလားအလာများနေတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top