Healthy Life Ad
International

အရေပြားများ ကြွေထည်ကဲ့သို့ မာကြောလာသော မိန်းကလေး

၊ ကိုထက် ၊

နယူးယောက်မှာနေထိုင်တဲ့ အသက် ၂၇နှစ် အရွယ် ရှာလေရဲ့ အရေပြားတွေဟာ တစ်ဖြည်းဖြည်းမာကျောလာပြီး ကြွေထည်ကဲ့သို့ ဖြစ်လာနေပါတယ်။ ရှာလေဟာ အသက် ၉နှစ်သမီးအရွယ်ကတည်းက ရှားပါးတဲ့ကိုယ်ခံအားလွန်ကဲရောဂါအမျိုးအစားတစ်ခုဖြစ်ပွားနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ဒီရောဂါမျိုးဟာ လူ ၅၀ဝ၀ မှာ တစ်ယောက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်းသိရပါတယ်။

ဒီရောဂါဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိ တစ်သျှူး တွေကိုသာမက သွေးကြောတွေရှိ ပျော့ပျောင်းတဲ့ အပိုင်းတွေကို မာကျောလာစေပါတယ်။ ဒီရောဂါ လဏ္ခာတွေကိုတွေ့ရှိပြီး လပိုင်းအတွင်းမှာပဲ ရှာလေဟာ ဘီးတပ်ကုလားထိုင်နဲ့သွားလာရတဲ့အခြေအနေ ကို အလျင်အမြန်ရောက်ရှိခဲ့ပါတယ်။

“ဒီရောဂါကို စစ်ဆေးတွေ့ရှိချိန်ထက် ရောဂါ လျင်လျင်မြန်မြန်ကြီးဖြစ်လာတာကို ပိုပြီး ကြောက်ခဲ့မိပါတယ်…”လို့ ရှာလေကပြောပြပါတယ်။ ရှာလေဟာ ပြဇာတ်ဖန်တီးသူဖြစ်တဲ့ အလျှောက် ‘ဝမ်းနည်းနေတဲ့ အရုပ်လေး’လို့ နာမည်ပေးထားတဲ့ သူမရဲ့ အရေပြားတွေ မာကြောလာတဲ့ရောဂါနဲ့ နေထိုင်ရတဲ့ ဘဝကို လူအများနားလည်စေဖို့ ပြဇာတ်တစ်ပုဒ် ဖန်တီးချပြခဲ့ပါတယ်။ “ကျွန်မအမြဲတမ်း အထိန်းချုပ်ခံထားရသလို ခံစားနေရပါတယ်… ကျွန်မမပိုင်တဲ့ခန္ဓာကိုယ်တစ်ခုမှာ မှီခိုနေရသလိုပါပဲ၊ စိတ်ခံစားချက်ရှိတဲ့အရုပ်တစ်ရုပ်လိုပဲလို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရတဲ့အတွက် ဒီဝေဒနာရှင်တွေကို နားလည်ပေးနိုင် စေဖို့ပြဇာတ်ကိုဖန်တီးခဲ့ပါတယ်”လို့ ရှာလေကပြောပြခဲ့ပါတယ်။

ကလေးပီပီ ပြေးလွှားဆော့ကစားတာ၊ ကခုန်သွားလာနေရတာကနေ ဒီဝေဒနာကို တွေ့ရှိပြီး ရက်ပိုင်းလေးအတွင်းမှာတင် မနက်စာစားဖို့တောင် မနည်းသွားလာနေတဲ့အခြေအနေကို တန်းရောက်သွားတာ အရမ်းကို လက်ခံရခက်ခဲ့တဲ့ အတွေ့အကြုံပါပဲလို့ သူက ပြောပြခဲ့ပါသေးတယ်။ အဝတ်အစားလဲဖို့လည်း အကူအညီတွေလိုအပ်လာပါတယ်။ ဒီရောဂါက အရမ်းကိုရှုပ်ထွေးပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး နီးပါးက ကြွေထည်တွေလို ကြွတ်ဆတ်ပြီး မာကျောလာပါတယ်။ အချိန်တိုတိုအတွင်းမှာ လမ်းလည်း မလျှောက်နိုင်တော့ပါဘူး။

ဒီလိုအဖြစ်အပျက်တွေ ဖြစ်ကာစမှာတော့ ရှာလေဟာ မှန်ရှေ့မှာထိုင်ပြီး ဘာလို့ ဒီရောဂါတွေ ငါ့မှာလာဖြစ်ရတာလဲဆိုပြီး စိတ်ဓာတ်ကျနေခဲ့ပါသေးတယ်။ ဒါပေမဲ့ ရှာလေဟာ သူမရဲ့ စိတ်ကို ပြောင်းလဲလိုက်ပါတယ်။ ဒီလိုဝေဒနာတွေက အရင်ကလို သာမန်ဘဝမရတော့ပေမယ့် နောက်ထပ်မတူတဲ့ဘဝတစ်ခုအနေနဲ့ ရှင်သန်နေထိုင်သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့အတူ သီချင်းအနုပညာနဲ့ ဖက်ရှင်ပညာတွေကို လေ့လာဖန်တီးမှုတွေပြုလုပ်ခဲ့ပါတယ်။

“သူက ဖန်ရှင်ဒီဇိုင်းတွေဖန်တီးရတာကိုပျော်ပါတယ်၊ သာမန်လူတွေလို မကနိုင်ပေမယ့်လည်း သူရဲ့ဘီးတပ်ကုလားထိုင်နဲ့ မကြောက်မရွံ့ဘဲ ကျွန်မနဲ့အတူကလေ့ရှိပါတယ်၊ သူက တကယ့်ကို စိတ်ဓာတ်ပြင်းထန်ပြီး လေးစားဖို့ကောင်းတဲ့ ညီမတစ်ယောက်ပါပဲ”အစ်မဖြစ်သူတီဖန်နီကပြောခဲ့ပါတယ်။”ဘဝက အောင်မြင်တယ် ကျရှုံးတယ်ဆိုတာ ကိုယ့်ခံယူချက်ပေါ်ပဲ မူတည်ပါတယ်။ ဘဝဆိုတာ ပြည့်စုံတယ်ဆိုတာ လုံးဝမရှိပါဘူး၊ လိုအပ်ချက်တွေထဲကပဲ ရုန်းကန်ကြိုးစားရတာပါပဲ၊ ဒီလို လိုအပ်ချက်တွေ လူတိုင်းမှာရှိသလို အလှတစ်မျိုး၊ အစွမ်းအစတစ်မျိုးစီလည်းရှိကြပါတယ်၊ ဒါကိုမြင်အောင်ကြည့်နိုင်ဖို့ပဲလိုအပ်ပါတယ်”လို့ ရှာလေကပြောပြခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top