Healthy Life Ad
Life Style

မိုးရာသီကျန်းမာရေး လမ်းညွှန်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မိုးရာသီမှာ တုပ်ကွေး၊ အအေးမိဝေဒနာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတို့ဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေပါ။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် အမျိုးသမီးအများစုက အသိရှိပေမယ့် အမျိုးသားအများစုက လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါကြောင့် မိုးတွင်းကာလတစ်လျှောက်လုံး ကျန်းမာနေစေဖို့ အမျိုးသားတို့ သိရှိသင့်တဲ့အချက်တွေကို အကြံပြုလိုက်ပါတယ်။

– တုပ်ကွေး

တုပ်ကွေးဖျားနေသူတွေချောင်းဆိုးတာ၊ နှာချေတာတွေလုပ်တဲ့အခါ လက်နဲ့အုပ်မထားရင်လေထဲမှာ ဗိုင်းရပ်စ်ပိုးက ပျံ့သွားပါတယ်။ အဲဒီဗိုင်းရပ်စ်ပါတဲ့ လေကိုရှူရှိုက်မိတဲ့အခါ ကိုယ်ခံစွမ်းအားမကောင်းရင် တုပ်ကွေးက ကူးစက်တတ်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်နေသူတွေအနေနဲ့ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပဝါလေးအုပ်ပြီး ဆိုးပါ၊ ဒါမှမဟုတ် တစ်သျှူးလေးကာပြီးဆိုးပါ၊ ဘယ်လိုမှ မဖြစ်နိုင်ရင် ချောင်းဆိုး၊ နှာချေတဲ့အခါ လက်နဲ့ကာပြီးရင် အဲဒီလက်နဲ့ ဘာပစ္စည်းမှမထိတွေ့ရသေးခင် လက်ကိုအမြန်ဆုံးဆေးကြောလိုက်ပါ။ တုပ်ကွေးကွေးနေတဲ့အချိန်မှာ ဖြစ်နိုင်ရင် လူစည်ကားတဲ့ အရပ်ဒေသတွေကို မသွားသင့်ပါဘူး။ ဒါမှသူများကို ကူးစက်နှုန်းလျော့နည်းမှာ ဖြစ်ပါတယ်။

နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေဖြစ်ပြီး အဖျားကလေး- ငါးရက် မကျဘူးဆိုရင် တုပ်ကွေးဗိုင်းရပ်စ်ဝင်တဲ့ လက္ခဏာတွေပါ။ တုပ်ကွေးက အသက်အရွယ်မရွေးအဖြစ်များပါတယ်။ အသက်ကြီးလွန်း၊ ငယ်လွန်းသူတွေနဲ့ ခုခံအားကျဆင်းတဲ့ ရောဂါရှိသူတွေ၊ ကင်ဆာ၊ နာတာရှည်အဆုတ်ပွရောဂါနဲ့ ဆီးချိုရောဂါရှိသူတွေမှာ တုပ်ကွေးဖြစ်ရင် အထူးဂရုစိုက်သင့်ပါတယ်။

– မိုးတွင်း အအေးမိဝေဒနာ

အအေးမိ ဝေဒနာမရစေဖို့ဆိုရင် မိုးမမိအောင်နေဖို့ အရေးကြီးပါတယ်။ တကယ်လို့ မဖြစ်မနေ မိုးရေထဲသွားလာရပြီဆိုရင် ပြန်ရောက်ရောက်ချင်း မိုးရေစိုနေတဲ့ အဝတ်တွေကို ချက်ချင်းလဲပစ်တာ၊ ခေါင်းနဲ့ ကိုယ်လက်တွေ ရေစိုနေရင် ချက်ချင်းသုတ်တာတို့လုပ်ကာ ရေနွေးကြမ်းပူပူ၊ ကော်ဖီပူပူသောက်ပြီး နွေးနွေးထွေးထွေးနေရပါမယ်။

– အအေးမိခြင်းနှင့် တုပ်ကွေးဖျားခြင်း အမြန်ဆုံးသက်သာစေရန်

– အဓိကအားဖြင့် အဲဒီအချိန်မှာ အစာစားချင်စိတ် လျော့နည်းနေတတ်ပါတယ်။ ဒါကြောင့် သစ်သီးဖျော်ရည်၊ စွပ်ပြုတ်၊ ရေ စတဲ့ အရည်တွေ များများသောက်ပေးပါ။

– အကိုက်အခဲပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေမှီဝဲပါ။

– ကိုယ်ခံစွမ်းအားစနစ် မြင့်တက်လာဖို့အတွက် ကောင်းကောင်းစား၊ ကောင်းကောင်းနားပြီး ကောင်းကောင်း အိပ်စက်ပေးပါ။

– ဝမ်းပျက်ဝမ်းလျှောခြင်း ကာကွယ်ပါ

မိုးတွင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာက ယင်နားတဲ့ အစားအသောက်တွေ၊ အမှည့်လွန်သစ်သီးတွေစားသောက်မိလို့ပါ။ မိုးရာသီမှာ ယင်တွေကလည်းပေါတာကြောင့် ယင်နားစာတွေ အစားများပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ကြပါတယ်။ ပုံမှန် ဝမ်းငါးခါလောက်သွားတာကို ဝမ်းပျက်တယ်လို့ မခေါ်ဘဲ ဝမ်းအရည်တွေချည်းသွားတာကို ဝမ်းပျက်တယ်လို့ ခေါ်ပါတယ်။ ဝမ်းသွားတဲ့ ပမာဏနဲ့ အကြိမ်ရေအပေါ်မူတည်ပြီး ရေဓာတ်ခမ်းခြောက်မှုရှိတာကြောင့် ဓာတ်ဆားရည်သောက်ပေးဖို့ လိုပါတယ်။

– မိုးတွင်းကာလ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေရန်

– ယင်နားစာကို ရှောင်သင့်ပါတယ်။

– အမှည့်လွန်သစ်သီးတွေ မစားသင့်ပါ။

– အစားအသောက်ရောင်းချတဲ့သူတွေအနေနဲ့လည်း ကိုယ်ရောင်းချတဲ့ အစားအသောက်ကို တတ်နိုင်သမျှ သန့်ရှင်းလတ်ဆတ်နေအောင် ဂရုစိုက်ဖို့၊ ယင်မနားအောင် ကာကွယ်ဖို့အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top