Healthy Life Ad
Life Style

မိုးရာသီနှင့် ကျန်းမာရေး

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ မိုးရာသီမှာ အဓိကသတိပြုဆင်ခြင်ရမယ့် ကျန်းမာရေးပြဿနာတွေကို သိပါရစေဆရာ။
ဖြေ ။ မိုးရာသီမှာ အဓိကသတိပြုဆင်ခြင်ရမယ့် ရောဂါသုံးမျိုးကတော့ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောတို့ ဖြစ်ပါတယ်။

မေး ။ အခုလို နွေအကုန် မိုးအကူးမှာ ရာသီအကူးအပြောင်းကြမ်းတဲ့အတွက် တချို့လူတွေ ဖျားကြ၊ နာကြတယ်။ ဒီအချိန်မှာ ကျန်းမာရေး ကောင်းနေစေဖို့ ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာ။
ဖြေ ။ ရာသီအကူးအပြောင်းမှာ အထူးသဖြင့် ရာသီတုပ်ကွေးနဲ့အအေးမိနှာစေးဖျားနာတွေ ဖြစ်တတ်ပါတယ်။ ဒီနှစ်ခုက သိပ်တော့မတူပါဘူး။ အအေးမိ ဝေဒနာကတော့ မိုးမိလို့ပဲဖြစ်ဖြစ် ရာသီအကူးအပြောင်းမှာဖျားနာတာ၊ နှာစေးတာ၊ ခေါင်းကိုက်တာတွေဖြစ်တတ်ပါတယ်။ ရာသီတုပ်ကွေးကျတော့ ဒီ့ထက်ပိုပြင်းပါတယ်။ အဖျားတက်မယ်၊ ချောင်းဆိုးမယ်၊ ကိုက်ခဲမယ်၊ နှာစေးမယ်၊ ခေါင်းအရမ်းကိုက်တယ်၊ နုံးခွေတယ် . . ဒီ့ထက်ပိုဆိုးလာရင် ပြင်းထန်တဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

ရာသီအကူးအပြောင်းမှာ အအေးမိနှာစေးမဖြစ်အောင် အစားအသောက်အနေနဲ့ ရေများများ သောက်ဖို့လိုတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေများများစားဖို့လိုတယ်။ အိပ်ရေးဝ၀ အိပ်ဖို့လိုတယ်။

အစားအသောက်တွေကိုပုံမှန်စားပြီး အာဟာရပြည့်ဝဖို့လိုပါတယ်။ ရာသီတုပ်ကွေးမဖြစ်အောင်ကလည်း ဒီနည်းအတိုင်း ကာကွယ်ရမှာပါ။ တတ်နိုင်ရင်တော့ ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံထားစေချင်ပါတယ်။

မေး ။ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကာကွယ်ဆေး သုံးစွဲလို့ရပါတယ်။ အဲဒီလိုမလုပ်ဖြစ်ရင် ကိုယ်စားတဲ့ အစားအသောက်က သန့်ရမယ်၊ ရေသန့်ရမယ်၊ လက်သန့်ရမယ်၊ ပတ်ဝန်းကျင်သန့်ရမယ်၊ အိမ်သာသန့်ရပါမယ်။ ဒီလို သန့်ရှင်းအောင် နေတယ်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောအဖြစ်နည်းပါတယ်။ အခြေအနေပေးရင် ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် ကာကွယ်ထားလို့ရပါတယ်။

မေး ။ ကျောင်းတက်နေပြီဖြစ်တဲ့ ကလေးတွေကို မိုးတွင်းကာလ အဖျားအနာမဖြစ်အောင် မိဘတွေအနေနဲ့ ဘယ်လိုစောင့်ရှောက်ပေးသင့်ပါသလဲဆရာ။
ဖြေ ။ ကလေးတွေကို အဓိက မိုးကာ၊ ထီးလေးတွေ ဆောင်ပေးလိုက်ဖို့ လိုပါတယ်။ မိုးမမိအောင်၊ နွေးနွေးထွေးထွေးနေအောင်၊ သွေးလွန်တုပ်ကွေး ကာကွယ်တဲ့အနေနဲ့ နေ့ခင်းဘက်မှာ ခြင်အကိုက်မခံရအောင် ဂရုစိုက်ပေးဖို့လိုပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး အာဟာရပြည့်ဝအောင် ကျွေးဖို့လိုပါတယ်။ ကလေးကိုထမင်းချိုင့်ထည့်ပေးရတဲ့ မိဘတွေဆိုရင် ထမင်း၊ အသား၊ ငါး၊ အသီးအနှံတွေမျှတအောင် ထည့်ပေးလိုက်ပါလို့အကြံပြုလိုပါတယ်။ ကလေးတွေကို အိပ်ရေးဝ၀အိပ်စက်အနားယူခိုင်းဖို့နဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခိုင်းဖို့ ဆော့ခိုင်းဖို့လိုပါတယ်။ ဒါဆိုရင် ကလေးတွေက ကိုယ်ခံအားကောင်းပြီး အအေးမိနှာစေးဖြစ်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ ကလေးမိုးမိလာရင် ချက်ချင်းခေါင်းက ဆံပင်တွေကိုသေချာသုတ်ပေးပြီး အဝတ်အစားလဲ၊ နွေးနွေးထွေးထွေးထားဖို့လိုပါတယ်။

မေး ။ မိုးတွင်းမှာ အခြေခံကျန်းမာရေး ပြဿနာရှိသူတွေအနေနဲ့ ဘယ်လိုအထူးတလည်စောင့်ရှောက်မှု ခံယူသင့်ပါသလဲဆရာ။
ဖြေ ။ အထူးသဖြင့် ရောဂါဝေဒနာရှိသူတွေက အစားအသောက်နဲ့ ပတ်သက်ရင် သန့်ရှင်းဖို့၊ ယင်နားစာ မစားမိဖို့၊ အမှည့်လွန်သစ်သီးတွေမစားမိဖို့ ဂရုစိုက်သင့်ပါတယ်။ အစားအသောက်သန့်ဖို့၊ ရေသန့်ဖို့၊ အိမ်သာသန့်ဖို့၊ လက်သန့်ဖို့ အလေးထားရပါမယ်။ သက်ကြီးရွယ်အိုတွေဆိုရင်လည်း ဒီအတိုင်းပဲ ကိုယ့်ကျန်းမာရေးကို အလေးထားဂရုစိုက်ဖို့လိုအပ်ပါတယ်။

မေး ။ မိုးတွင်းကာလကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ထပ်မံဖြည့်စွက် အကြံပြုလိုတာရှိရင် ပြောပေးပါဦးဆရာ။
ဖြေ ။ ဘယ်သူမဆို မိုးတွင်းမှာ သွားလာလှုပ်ရှားတဲ့အခါ ထီး၊ မိုးကာစသဖြင့်ဆောင်သွားဖို့လိုပါတယ်။ မိုးရာသီမှာ ကိုယ်ခံအားကောင်းအောင်နေဖို့ လိုတဲ့ အတွက် အသား၊ ငါး၊ အသီးအနှံစသဖြင့် အာဟာရမျှတအောင် စားပေးသင့်ပါတယ်။ အိပ်ရေးဝ၀အိပ်ပြီး စိတ်ဖိစီးမှုလျှော့သင့်ပါတယ်။ အရက်သောက်တတ်ရင် ရှောင်နိုင်ရင် အကောင်းဆုံး၊ မရှောင်နိုင်ရင် တတ်နိုင်သမျှ လျှော့သောက်သင့်ပါတယ်။ ဆေးလိပ်ကိုတော့ ရှောင်သင့်ပါတယ်။ ပြီးတော့ လက်သန့်၊ ရေသန့်၊ အစာသန့်၊ ပတ်ဝန်းကျင်သန့်၊ အိမ်သာသန့် . . စသဖြင့် သန့်ရှင်းမှုကို အလေးထားရင် ရောဂါမဖြစ်အောင် ကာကွယ်သင့် ပါတယ်။ တကယ်လို့ မိုးတွင်းမှာဖျားနာတယ်၊ နှာစေးတယ်၊ ချောင်းဆိုးတယ်ဆိုရင် ကိုယ့်ဆီကနေ သူများကိုမကူးစက်အောင် နှာခေါင်းစည်း ကာထားသင့်ပါတယ်။ လက်ကိုင်ပဝါ၊ တစ်ရှူးစသဖြင့် ကာထားသင့်ပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်တဲ့အနေနဲ့ဖုံးသွန်လဲစစ်ဆိုတဲ့ ခြင်ကျားနဲ့ လောက်လန်းနှိမ်နင်းရေးတွေမှာ မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပါဝင်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top