Healthy Life Ad
Life Style

အသက်ကြီးသူများအတွက် ပျော်ရွှင်ကြည်နူးဖွယ်ရာ လှုပ်ရှားမှုများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်ကြီးသူတွေအနေနဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အတွက် လုပ်ဆောင်သင့်တဲ့ ပျော်ရွှင်တက်ကြွဖွယ်ရာလှုပ်ရှားမှု တွေရှိပါတယ်။

(၁) အနုပညာဆန်သော အလုပ်များလုပ်ဆောင်ခြင်း

ပန်းချီဆွဲတာ၊ ပန်းပုထုတာ၊ တေးဂီတနားဆင်တာ၊ သီချင်းဆိုတာ စတဲ့ လုပ်ဆောင်မှုတွေအားလုံးက အနုပညာဆန်ပါတယ်။ အနုပညာဆိုတာ မွေးရာပါ အရည်အသွေးတစ်ရပ်ဖြစ်သလို အသက်ကြီးလာတဲ့အထိတိုင်အောင် မေ့ပျောက်လို့မရတဲ့ ဝါသနာတစ်ရပ်လည်း ဖြစ်နေတတ်ပါတယ်။ အနုပညာဝါသနာပါတာက လူတစ်ဦးရဲ့ ဘဝတစ်လျှောက်လုံးအတွက် တည်မြဲနေတဲ့အရာဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးရင် စိတ်ကိုလန်းဆန်းစေပြီး ဝမ်းနည်းမှု၊ ဒေါသ၊ ပူပင်သောကနဲ့ စိတ်ဓာတ်ကျတာစတဲ့ ခံစားမှုတွေကို ခပ်ဝေးဝေး မောင်းထုတ်နိုင်စွမ်းရှိပါတယ်။

(၂) စာဖတ်ခြင်း

စာဖတ်တာက အလုပ်သင့်ဆုံးဝါသနာတွေထဲက တစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ ဒီဝါသနာက ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်ပြောင်းလဲနေတယ်ဆိုတာကို သိနိုင်တာကြောင့် ဗဟုသုတတိုးပွားစေပါတယ်။ နေ့စဉ်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်စာပေမျိုးစုံကို လေ့လာဖတ်ရှုရတာက အသက်ကြီးတဲ့သူတွေကို ဦးနှောက်ထက်မြက်နေစေတဲ့နည်းပါ။

(၃) ငှက်များကို စောင့်ကြည့်ခြင်း

အသက်ကြီးတဲ့သူတွေ အပျင်းပြေကာ ကြည်နူးမှုဖြစ်စေမယ့် အလုပ်တစ်ခုထဲမှာ ငှက်တွေကို စောင့်ကြည့်တဲ့အရာလည်းပါနေပါတယ်။ တချို့အသက်ကြီးသူတွေဆိုရင် ငှက်တွေပေါများတဲ့ နေရာကောင်းကောင်းကိုသွားလည်ပြီး ကြည့်လေ့ရှိပါတယ်။ ငှက်တွေကို စောင့်ကြည့်ရင်း သူတို့ရဲ့အလေ့အထတွေနဲ့ သဘာဝတရားရဲ့ အလှအပတွေကိုကြည့်ရှုလို့ ရတာကြောင့် အသက်ကြီးတဲ့သူတွေအတွက် အဆင်ပြေစေတဲ့ နည်းလမ်းပါ။

(၄) တန်ဖိုးရှိသောအရာများကို စုဆောင်းခြင်း

လူအများစုမှာ ပစ္စည်းတွေကို စုဆောင်းတတ်တဲ့ စိတ်ဝင်စားဖွယ်ရာ ဝါသနာတွေရှိနေတတ်ပါတယ်။ သူတို့စုဆောင်း လေ့ရှိတာတွေက ရှေးဟောင်းဒင်္ဂါးပြားတွေ၊ စာအုပ်တွေ၊ တံဆိပ်ခေါင်းတွေနဲ့ ကျော်ကြားတဲ့လူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေပဲ ဖြစ်လေ့ရှိပါတယ်။ စုဆောင်းတဲ့ပစ္စည်းက လုံလောက်ပြီဆိုရင် ပြပွဲအနေနဲ့ ပြုလုပ်လေ့ရှိပါတယ်။

(၅) အင်တာနက်သုံးခြင်း

အင်တာနက်ဆိုတာ သတင်းအချက်အလက်တွေ စုဆောင်းရာ မြစ်ပြင်ကျယ်ကြီးပါ။ အသက်ကြီးသူတွေအနေနဲ့ သူတို့ရဲ့ အသိဉာဏ်ပညာတိုးပွားစေဖို့ တစ်နေ့မှာ အချိန်အနည်းငယ်ပေးပြီး အင်တာနက်ကို သုံးသင့်ပါတယ်။ ဒါ့အပြင် အီးမေးကတစ်ဆင့်၊ လူမှုရေးကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်လို ဝက်ဘ်ဆိုက်ကတစ်ဆင့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ဆက်သွယ်လို့ ရပါတယ်။ ရယ်စရာမောစရာတွေ၊ မိသားစုရေးရာကိစ္စတွေ၊ သတင်းအချက်အလက်တွေကို ဖလှယ်လို့ရတာကြောင့် အသက်ကြီးသူတွေအတွက် ပျော်စရာပါ။

(၆) ဥယျဉ်ခြံမြေစိုက်ပျိုးခြင်း

ဥယျာဉ်ခြံမြေစိုက်ပျိုးဖို့အတွက် နေရာကျယ်ကျယ်၊ ငွေ၊ အချိန်နဲ့ ကာယအင်အားတွေ လိုအပ်တာမှန်ပေမယ့် အသက်ကြီးသူတွေအနေနဲ့ ကိုယ့်ဝန်၊ ကိုယ့်အားနဲ့နိုင်တဲ့ ဥယျာဉ်လေးကို တည်ဆောက်နိုင်ရုံနဲ့ အဆင်ပြေပါတယ်။

(၇) အခြားလှုပ်ရှားမှုများ

အသက်ကြီးလာတာကြောင့် ပုံမှန်အလုပ်တွေကနေ အနားယူထားတဲ့ အသက်ကြီးသူတွေအနေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်ဖွဲ့တာ၊ ကခုန်တာ၊ ပျော်ရွှင်ဖွယ်ရာအစီအစဉ်တွေနဲ့ ဆက်သွယ်တာ၊ လှပတဲ့ ရှုခင်းတွေရှိတဲ့နေရာတွေကို ခရီးသွားတာ၊ ဓာတ်ပုံရိုက်တာ၊ ကိုယ်ရေးအတ္ထုပတ္တိရေးတာ၊ စာရေးသားတာနဲ့ ကလေးတွေ၊ မြေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေ ထိုင်တာစတဲ့ လုပ်ဆောင်မှုတွေကိုလည်း လုပ်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top