Healthy Life Ad
Health Tips

သင့်မျက်နှာက ပြောပြနေသည့် သင့်ကျန်းမာရေး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မျက်နှာကိုကြည့်လိုက်ရုံနဲ့ သင့်ကိုယ်တွင်း ကျန်းမာရေးအခြေအနေကို သိနိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ လက္ခဏာတစ်ခုခုနဲ့ တူနေတဲ့အခါ ထိတ်လန့်မနေဘဲ ကိုယ့်ကျန်းမာရေးကို သတိထားစောင့်ကြည့်ပြီး တတ်ကျွမ်းနားလည်သူနဲ့ ပြသသင့်ပါတယ်။

(၁) မေးလျှောကျနေခြင်း
မေးလျှောကျနေတာက အိုမင်းတဲ့ဖြစ်စဉ်ရဲ့ အစိတ်အ ပိုင်းတစ်ရပ် ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မေးလျှောကျနေရင်သွားတွေ မညီညာတာဖြစ်တတ်လို့ သွားညှိကိရိယာတပ်ဖို့ဆရာဝန်တချို့အကြံပြုတတ်ပါတယ်။

(၂) မျက်နှာတွင် အမွှေးပိုများပေါက်နေခြင်း
မလိုလားအပ်တဲ့ နေရာတွေမှာ အမွှေးပိုတွေ ပေါက်နေတာက အမျိုးသမီးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ မျက်နှာမှာ အမွှေးမည်းမည်းကြမ်းကြမ်းတွေ ပေါက်တာက ကျားဟော်မုန်းတချို့နဲ့ လည်း ဆက်စပ်နေတတ်သလို မျိုးရိုးလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဟော်မုန်းစစ်ဆေးမှု ခံယူသင့်ပါတယ်။

(၃) အသားအရေဖျော့တော့ခြင်း
အသားအရောင်ဖျော့တော့တဲ့ သူတွေကို သွေးအားနည်းရောဂါ ရှိ၊ မရှိစစ်ဆေးကြည့်ဖို့ အကြံပြု လေ့ရှိပါတယ်။ အသားအရောင်ဖျော့တော့တာက မျက်နှာနဲ့ လက်ဖဝါးတွေမှာ အတွေ့ရများတဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။ အသားအရေဖျော့တော့တာက သွေးစီးဆင်းမှုမကောင်းတာ၊ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်အဆင့် လျော့ကျတာ၊ သွေးနီဥအရေအတွက် လျော့ကျတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ နေရောင်ခြည်မရတာ၊ သွေးဖိအားကျလွန်းတာ၊ နှင်းထူထပ်တာ စတဲ့ ပြင်ပပတ်ဝန်းကျင် အခြေအနေကြောင့်လည်း ဖြစ်တတ်ပါတယ်။


(၄) နှုတ်ခမ်း အက်ကွဲခြင်း
ရေဓာတ်ခမ်းခြောက်တာနဲ့ ပြင်ပလေထုအေးမြတာကြောင့် နှုတ်ခမ်းသား အက်ကွဲတတ်ပါတယ်။ နှုတ်ခမ်းသားအက်ကွဲတာက ရေယုန်ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ နေပူဒဏ် အလွန်အမင်းခံရတာကြောင့်ဖြစ်တတ်သလို အရေပြားကင်ဆာကြောင့်လည်း တစ်ခါတစ်ရံ ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ ရေယုန်ဗိုင်းရပ်စ်ကြောင့် နှုတ်ခမ်းသားအက်ကွဲရင် နှုတ်ခမ်းတစ်ဝိုက်နီမြန်းတဲ့ အနာဖြစ်ပြီး ခြောက်သွေ့တာနဲ့ နှုတ်ခမ်းသားအရေပြား ကွာကျတာတို့ ဖြစ်တတ်ပါတယ်။


(၅) မှဲများထွက်ခြင်း
မှဲ့တွေကို လူ့ခန္ဓာကိုယ်မှာ အန္တရာယ်မရှိတဲ့ အသားပိုတွေလို့ထင်တတ်ကြပါတယ်။ တကယ်တော့ မှဲ့တွေကို မကြာခဏ ကြည့်သင့်ပါတယ်။ မှဲ့ တွေက မညီညာရင်၊ အမွှေးပိုတွေ ပေါက်နေရင်၊ အချင်းက ၆ မီလီမီတာထက် ပိုကြီးနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။


(၆) နှုတ်ခမ်းတစ်ဝိုက် အအေးနာဖြစ်ခြင်း
နှုတ်ခမ်းပေါ်မှာ အမျိုးအစား (၁) ရေယုန်ဗိုင်းရပ်စ်ကြောင့် အအေးနာဖြစ်တတ်ပါတယ်။ ကျန်းမာရေးမကောင်းတာ၊ စိတ်ဖိစီးမှုများတာ၊ ပင်ပန်းလွန်းတာ၊ နေဒဏ်ခံရလွန်းတာတွေကြောင့် ကိုယ်ခံအားကျပြီး အအေးနာဖြစ်တတ်ပါတယ်။ တစ်ပတ်-သုံးပတ်အတွင်း အလိုလိုပျောက်မသွားရင်၊ ထုံးစံမဟုတ်ဘဲကြီးလာရင်၊ မကြာခဏဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။


(၇) မျက်နှာတစ်ခြမ်းလေဖြန်းခြင်း
မျက်နှာတစ်ခြမ်းရွဲ့သွားတဲ့အခြေအနေ၊ မျက်နှာတစ်ခြမ်းမလှုပ်ရှားနိုင်တဲ့အခြေအနေဖြစ်ပြီး မေးရိုးနဲ့ နားရွက်နောက်မှာ နာကျင်မှုဖြစ်တတ်ပါတယ်။ ဒီအခြေအနေက ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တတ်သလို နာကျင်ရောင်ရမ်းမှု ဖြစ်တတ်ပါတယ်။ ရက်အနည်းငယ်အတွင်း အခြေအနေဆိုးရွားလာပြီး ၃-၆ လအတွင်း အလိုလို သက်သာသွားတတ်ပါတယ်။


(၈) အရေပြား ခြောက်သွေ့ခြင်း
အရေပြားခြောက်သွေ့နေရင် နေ့တိုင်း အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ အရေပြားခြောက်သွေ့ကြွပ်ဆတ်တာကို လျစ်လျူရှုမထားပါနဲ့။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်စားတာ၊ သိုင်းရွိုက်ဟော်မုန်းနည်းပါးတာ၊ ဆီးချိုရောဂါစတဲ့ အခြေအနေတွေကြောင့် အရေပြားခြောက်သွေ့တတ်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို များများလိမ်းပြီး ရေများများသောက်ပါ။ မျက်နှာအသားအရေခြောက်သွေ့မှုကင်းဝေးဖို့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။


(၉) မျက်အိတ်ဖြစ်ခြင်း၊ မျက်ဝန်းတစ်ဝိုက်ဖောင်းခြင်း
မျက်အိတ်ဖြစ်တာနဲ့ မျက်ဝန်းတစ်ဝိုက်ဖောင်းအစ်တာတို့ ဖြစ်တာက အိပ်ရေးပျက်တာ၊ ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ဓာတ်မတည့်မှုဖြစ်တာ၊ ဆားစားသုံးမှုများတာ၊ ငိုတာ၊ မျက်လုံးပွတ်တာတွေကြောင့်လည်း မျက်အိတ်ဖြစ်တတ်ပါတယ်။


(၁၀) ခံတွင်းအနံ့ဆိုးထွက်ခြင်း
ခံတွင်းအနံ့ဆိုးထွက်တာက ခံတွင်းသန့်ရှင်းရေး ကောင်းကောင်းမလုပ်တာကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သင့်အရိုးနဲ့ နှလုံးကျန်းမာရေးအခြေအနေ မကောင်းတာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ သွားမှန်မှန်တိုက်ပြီး ခံတွင်းသန့်ရှင်းအောင်ထားတာက နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။

(၁၁) မေးရိုးတလျှောက် ဝက်ခြံပေါက်ခြင်း
အရေပြားအဆီပိုတွေစုပုံတာကြောင့် ဝက်ခြံပေါက်နိုင်ပါတယ်။ မေးရိုးတလျှောက် ဝက်ခြံပေါက်ရင် စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲ၊ သန္ဓေတားဆေး၊ စိတ်ကျရောဂါကုသဆေး၊ ဗီတာမင်ဘီစတာတွေနဲ့လည်း ဆက်စပ်မှုရှိတတ်ပါတယ်။ ဒီဝက်ခြံတွေ က နီမြန်းနိုင်သလို မာခဲခဲ ဖြစ်တတ်ပါတယ်။ ပြည်တွေလည်း ရှိနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ဒီလို ဝက်ခြံမျိုးရှိတာက သားဥအိမ်မှာ ရေအိတ်လေးတွေ စုပုံနေတဲ့ ရောဂါစုရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်တတ်ပါတယ်။


(၁၂) နားယားခြင်း
နားဖာချေးတွေစုပုံပိတ်ဆို့တာကြောင့် ဖြစ်တတ်သလို ဓာတ်မတည့်မှုဖြစ်တာ၊ ကူးစက်ပိုးဝင်တာတွေကြောင့်လည်း နားယားတတ်ပါတယ်။ နားယားတာက နှင်းခူ ဒါမှမဟုတ် ဆိုးရီးယေးစစ် အရေပြားအနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


(၁၃) ဆံပင်သား ပြောင်းလဲခြင်း
ဆံပင်ဖြူအနည်းငယ်ပေါက်လာတာကို လှပတောက်ပတယ်လို့ ခံယူလိုက်ပါ။ ဆံပင်ကြွပ်ဆပ်လာတာက မမျှတတဲ့ အာဟာရ၊ ရေဓာတ်ခမ်းခြောက်တာ၊ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ ဆံပင်တွေ အလွန်အမင်း ပျက်စီးကျွတ်ထွက်လာရင်တော့ သိုင်းရွိုက်ကျန်းမာရေး စစ်ဆေးကြည့်သင့်ပါတယ်။


(၁၄) နဖူးပေါ်တွင် အရေးကြောင်းထင်းခြင်း
နဖူးပေါ်မှာ ရေပြင်ညီအရေးကြောင်းတွေထင်းနေတာက စိတ်ဖိစီးမှုများလို့ ဖြစ်တတ်သလို အစားအသောက်က ကျန်းမာရေးနဲ့မညီညွတ်တာကြောင့်လည်းဖြစ်တတ်ပါတယ်။ သကြားအလွန်အမင်းစားရင်၊ အဆီများတဲ့အစာစားရင်လည်း ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top