Healthy Life Ad
International

ပန်းသေပန်းညှိုးရောဂါကာကွယ်နိုင်ရန် သွားမှန်မှန်တိုက်ပါ

၊ ကိုထက် ၊

အမျိုးသားတွေအနေနဲ့ သွားတွေကို ပုံမှန်မတိုက်တာကြောင့် ခံတွင်းနံ့ဆိုးထွက်တာထက် ပိုပြီးစိတ်ပူဖို့ကောင်းတဲ့အချက်ရှိပါတယ်။ သွားတွေကို မှန်မှန်မတိုက်တာကြောင့် အိမ်ထောင်ရေးမှာ အဆင်မပြေဖြစ်စေတာပဲ ဖြစ်ပါတယ်။ လေ့လာမှုအရ သွားတွေဝါတာနဲ့ ခံတွင်းနံ့ဆိုးတာ အပြင် သွားတွေကိုပုံမှန်မတိုက်တာကြောင့် အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေ သုံးဆပိုများတယ်လို့သိရပါတယ်။

တူရကီ အင်နိုနုတက္ကသိုလ်မှ လေ့လာသူတွေက ပန်းသေပန်းညှိုးရောဂါရှိသူဦးရေတစ်ဝက်ပါဝင်တဲ့ အသက် ၃၀ နဲ့ ၄၀ကြား အမျိုးသား ၁၆၀ဦးရဲ့ သွားဖုံးတွေကို စစ်ဆေးကြည့်ခဲ့ရာမှာ ပန်းသေပန်းညှိုးရောဂါရှိသူအမျိုးသားတွေရဲ့ ၅၃ ရာခိုင်နှုန်းဟာ မရှိသူ ၂၃ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် သွားဖုံးတွေ ရောင်ရမ်းနေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

အသက်အရွယ်၊ ကိုယ်ခန္ဓာနဲ့ အရပ်အချိုး (BMI)၊ ဝင်ငွေနဲ့ ပညာရေးအဆင့်အတန်းစတဲ့ အချက်တွေကို ချိန်ညှိလေ့လာခဲ့တာတောင် သွားဖုံးရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အမျိုးသားတွေက သွားဖုံးကျန်းမာတဲ့ အမျိုးသားတွေထက် ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေ သုံးဆ ပိုများတယ်လို့ လေ့လာတွေ့ရှိရပါတယ်။လေ့လာမှုအများကြီးအရ နာတာရှည်သွားဖုံးရောဂါခံစားရတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါလို သွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပြီး ပန်းသေပန်းညှိုးရောဂါနဲ့ ဆက်စပ်မှုရှိတယ်လို့ တွေ့ရှိရပါတယ်။

သွားဖုံးရောင်ရမ်းတာက ပန်းသေပန်းညှိုး ရောဂါနဲ့ဆက်စပ်နေတဲ့ လက္ခဏာ ဒါမှမဟုတ် အချက်တစ်ခုဖြစ်ပါတယ်။ သောမတ်စ်ဂျက်ဖာဆန် တက္ကသိုလ်လေ့လာမှုတစ်ခုအရ သွားဖုံးရောင်ရမ်းတဲ့ရောဂါဟာ ရောင်ရမ်းမှုဝေဒနာကို ဖြစ်စေပြီး ပန်းသေပန်းညှိုးရောဂါဖြစ်ပေါ်ဖို့အတွက် အခန်းကဏ္ဍတစ်ခုအနေနဲ့ အရေးပါတယ်လို့ သိရပါတယ်။

ဒါကြောင့် သွားနဲ့သွားဖုံးတွေ ကျန်းမာရေး ကောင်းမွန်အာင် မှန်မှန်သွားတိုက်ဖို့ လိုပါတယ်။ ခံတွင်းနံ့နံတာနဲ့ သွားတွေ ဝါတာမဖြစ်စေဖို့ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ်သွားတိုက်တဲ့အပြင် အစာ စားပြီးတဲ့အခါတိုင်း ပလုတ်ကျင်းပေးဖို့လည်း အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top