Healthy Life Ad
Health Tips

ကမ္ဘာပေါ်တွင် အရိုးစင်းဆုံး အစာစားနည်း သို့မဟုတ် စကေဒီနေးဗီးယန်းအစာစားနည်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဒင်းနစ်အာဟာရပညာရှင် စူဇီက အလွန်ရေပန်းစားပြီး ထိရောက်တဲ့ အစာစားနည်းတစ်မျိုးကို ထုတ်ဖော်ခဲ့တယ်။ နောက်ပိုင်းမှာ ဒီအစာစားနည်းပုံစံက ကမ္ဘာပေါ်မှာ အရိုးစင်းဆုံးနဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစာစားနည်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာဝန်တွေနဲ့ တခြားသူတွေကလည်း ရိုးစင်းလွယ်ကူထိရောက်ကြောင်းဆိုကြတဲ့အတွက် စကေဒီနေးဗီးယန်းအစာစားနည်း အကြောင်းမျှဝေလိုက်ပါတယ်။

ဒီအစာစားနည်းက ဘယ်လို ထိရောက်မှုရှိသလဲ၊ ဘာကြောင့် ရိုးစင်းတာလဲ
ကယ်လိုရီရေတွက်စရာမလို၊ ပရိုတင်း၊ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်အချိုးတွေကိုတွက်စရာမလို၊ အစာပမာဏကို တိုင်းတာစရာမလိုတဲ့အတွက် ဒီအစာစားနည်းက ရိုးစင်းပါတယ်။

အဓိကစည်းမျဉ်း- နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတိုင်း အစာလက်လေးဆုပ်စာ ပမာဏ ရှိသင့်ပါတယ်။ ပရိုတင်းလက်တစ်ဆုပ် + ကာဗိုဟိုက်ဒရိတ်လက်တစ်ဆုပ် + ဟင်းသီးဟင်းရွက်လက်နှစ်ဆုပ် + အဆီ လက်ဖက်စားဇွန်းတစ်ဇွန်းပါဝင်ရပါမယ်။အလုပ်များနေရင် ဒါမှမဟုတ် သွားရင်းလာရင်းစားရရင် ကယ်လိုရီတွက်စရာမလိုတော့ဘူး။ပထမဆုံး စူဇီက သူကိုယ်တိုင်အတွက် ဒီအစာစားနည်းကို တီထွင်ခဲ့တာပါ။

“သင်စားတဲ့ အစာစားနည်းက ကျန်းမာရေးနဲ့ မညီညွတ်ရင် ကိုယ်အလေးချိန်ကျနိုင်ပါတယ်၊ ဒါပေမဲ့ ကျန်းမာရေးက ပိုထိခိုက်လာနိုင်ပါတယ်။ အသားအရေအရောင်နဲ့ ဆံပင်သားအခြေအနေလည်း ပြောင်းလဲလာပြီး ခေါင်းကိုက်တတ်ပါတယ်။ ကျွန်မ ရဲ့ ဒုတိယကလေးမွေးပြီးချိန်မှာ ကိုယ်အလေးချိန်မြင့်တက်လာပြီး တော်တော်နဲ့ ကိုယ်အလေးချိန်မလျှော့ချနိုင်ခဲ့ပါဘူး။ ကိုယ်အလေးချိန်က ၂၂၀ ပေါင်နီးပါး ဖြစ်ခဲ့တဲ့အတွက် ဝိတ်ကျဖို့ အစာစားနည်းပေါင်း ဒါဇင်နဲ့ချီပြီး ကြိုးစားကြည့်ခဲ့တယ်။ နှစ်လအတွင်း ၄၄ ပေါင်နဲ့ ၅၅ ပေါင်ကြားကျပါရဲ့၊ နောက်ပိုင်းဝိတ်ပြန်တက်လာတာပါပဲ။

တင်းကျပ်တဲ့ အစာဖြတ်နည်းတွေက အဆင်မပြေဘူး၊ နောက်ပိုင်း အစာကို ပိုစားဖြစ်စေတယ်လို့ သဘောပေါက်သွားတယ်။ ဒါကြောင့် ဒီအစာစားနည်း စားဖြစ်ရာက ၁၀ လအတွင်း ၈၈ ပေါင်နီးပါး လျော့ကျသွားပါတယ်။ အခုတော့ ကျွန်မ ကိုယ်အလေးချိန်က ၁၃၂ ပေါင်ပါ။ ဒီနည်းနဲ့ ထိန်းထား နိုင်တာ ၆ နှစ်ကျော်ရှိပါပြီ။ ပုံမှာ ဘယ်ဘက်က ဒီအစာစားနည်း မလိုက်နာခင်က ပုံနဲ့ ညာဘက်ကတော့ လိုက်နာပြီးပုံဖြစ်ပါတယ်”

ဒီအစာစားနည်းအတိုင်းလိုက်နာရင် တစ်ပတ်အတွင်း ကိုယ်အလေးချိန်နှစ်ပေါင်ကျော် လျော့ကျနိုင်တယ်လို့ တွက်ချက်ထားပါတယ်။ သတင်းကောင်းကတော့ ဝိုင်နီတစ်ဖန်ခွက်၊ အီတလီခေါက်ဆွဲ စတာတွေကို စားသောက်နိုင်သလို ဟင်းချက်တဲ့အခါ ဆီသုံးလို့ရပါတယ်။

စကေဒီနေးဗီးယန်းအစာစားနည်းက ဘယ်လိုပုံစံလဲ
အင်စတာဂရမ်မှာ #sensekost ဆိုပြီး ရိုက်လိုက်ရင် စားနိုင်တဲ့ အစာဓာတ်ပုံပေါင်း ၄၅၀ဝ၀ကျော်ထွက်လာပါလိမ့်မယ်။ နမူနာကတော့ ဒီမှာပါ။

နံနက်စာ

ဟင်းသီးဟင်းရွက်များ (နှစ်ခွက်)=ချယ်ရီ ခရမ်းချဉ်သီးနဲ့ပဲစိမ်းတွေ။

ပရိုတင်း (တစ်ခွက်)=ကြက်ဥ/ဘဲဥနှစ်လုံး။

ကာဗိုဟိုက်ဒရိတ်(တစ်ခွက်)=ပေါင်မုန့်တစ်ချပ်။

အဆီ(လက်ဖက်စားဇွန်းတစ်ဇွန်း)=ထောပတ်။

နို့ထည့်ထားတဲ့ ကော်ဖီတစ်ခွက်။

နေ့လယ်စာ
ဟင်းသီးဟင်းရွက်များ (နှစ်ခွက်)=မုန်လာဥနီ၊ သခွားသီး၊ ငရုတ်ပွသီး၊ ခရမ်းချဉ်သီး၊ မှို။
ပရိုတင်း (တစ်ခွက်)=ကြက်ဥ/ဘဲဥတစ်လုံး၊ ဝက်ပေါင်ခြောက်တစ်ပြား။
ကာဗိုဟိုက်ဒရိတ်(တစ်ခွက်)=ပေါင်မုန့်။
အဆီ(လက်ဖက်စားဇွန်းတစ်ဇွန်း)=ချိစ်။

ညစာ
ဟင်းသီးဟင်းရွက်များ (နှစ်ခွက်)=မုန်လာဥနီ၊ ကညွတ်။
ပရိုတင်း (တစ်ခွက်) အသားပြား။
ကာဗိုဟိုက်ဒရိတ်(တစ်ခွက်)=ဝိုင်နီတစ်ဖန်ခွက်။
အဆီ (လက်ဖက်စားဇွန်းတစ်ဇွန်း)=ဟင်းသီး ဟင်းရွက်ကြော်ဖို့ဆီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top