Healthy Life Ad
Q & A

မက်ဖော်မင်သောက်ပြီး လေပွခြင်း

မေး. ဆီးချိုဖြစ်တာ ၄နှစ်လောက်ရှိပါပြီ။ meformin 500mg ကို တနေ့နှစ်ကြိမ်လောက် သောက်ပါတယ်။ အခု ဆီးချိုက ၂၅၀-၃၀ဝလောက်ရှိပါတယ်။ အခုတလော လေပွပြီး အစားမစားချင်ဖြစ်နေပါတယ်။ ဆရာဝန်ကိုပြကြည့်တော့ metformin သောက်တာကြာလို့ လေပွတဲ့ပြဿနာဖြစ်တာပါလို့ပြောပါတယ်။ ဆီးချိုသွေးချိုဆရာဝန်ကြီးပြောသလို metformin သောက်တာကြာရင် အဲ့လိုဖြစ်တတ်ပါသလား။ နောက်ဆက်တွဲဘာတွေဖြစ်နိုင်မလဲဆိုတာ သိချင်လို့ပါရှင့်။
Yin Yin Htay(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မက်ဖော်မင်ရဲ့ ဘေးထွက်ဆိုးကျိုးထဲမှာ မအီမသာ လေပွ၊ အစာမကြေဖြစ်တတ်တာတော့ ပါပါတယ်။ တချို့တွေလည်း မက်ဖော်မင်သောက်ပြီး မကြာခင်မှာ ဒီဘေးထွက်ဆိုးကျိုး ဖြစ်တတ်တယ်၊ တချို့တွေမှာ ဆေးသောက်ပြီး ကြာမှ ဖြစ်တတ်တယ်။ အခုစားသောက်တဲ့ အစာထဲမှာ အချိုလုံးဝမပါဘဲ မက်ဖော်မင် တစ်နေ့နှစ်ကြိမ်သောက်ရင်း ၂၅၀-၃၀ဝ ဖြစ်နေတယ်ဆိုရင် ကိုယ်ပြသနေတဲ့ ဆီးချိုအထူးကုဆရာဝန်နဲ့တိုင်ပင်ပြီး ဆီးချိုဆေးတွေကို ချိန်ဆဖို့ လိုပါတယ်။ အထူးသဖြင့် မက်ဖော်မင်သောက်နေသူတွေမှာ ဆီးချိုရောဂါကြောင့် ကျောက်ကပ်အားနည်းနေရင်တော့ အစာမကြေ၊ ရင်ပြည့်၊ ပျို့အန်တာတွေ ပိုဖြစ်တတ်တဲ့အတွက် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို စစ်ဆေးဖို့လိုပါတယ်။

မက်ဖော်မင်ကြောင့် ကျောက်ကပ်ထိခိုက်မှုမရှိပါဘူး။ ဒါပေမဲ့ ကျောက်ကပ်ထိခိုက်ရင်တော့ မက်ဖော်မင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုများလာတတ်တယ်။ ဒါကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို စစ်ဆေးသင့်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းတယ်ဆိုရင်တော့ ဆေးရဲ့နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တယ်လို့ ယူဆရင် ကျန်တဲ့ ဆီးချိုဆေးအုပ်စုအမျိုးအစားတွေကို မှီဝဲဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အချိုကိုတော့ အဓိက ရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top