Healthy Life Ad
Life Style

မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး (၂)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

၄။ မက်ဖော်မင်ဘဲသောက်နေပြီး မိမိကိုယ် မိမိစောင့်ရှောက်ခြင်း (Self Care) ကို မလုပ်တတ်ခြင်း၊ မလုပ်ဖြစ်ခြင်း။
ဆီးချိုစင်တာရှိရာသွားရောက်မှသာ လူနာတွေကို “မိမိကိုယ်တိုင်စောင့်ရှောက်ခြင်း”များပြုလုပ်နိုင်ရန် သင်ကြားပေးမှာဖြစ်ပါတယ်။ မိမိကိုယ်မိမိ ဘာတွေစောင့်ရှောက်ရမလဲဆိုရင် . . .
(က) အိမ်၌ မိမိဘာသာစစ်ဆေးတဲ့ သွေးချို (SMBG)ကို နည်းလမ်းမှန်ကန်စွာ သတ်မှတ်ထားသလိုအချိန်နဲ့ စစ်ဆေးခြင်း၊
(ခ) မှန်ကန်စွာ ဇယားများအတိုင်း မှတ်တမ်းများပြုစုခြင်း၊
(ဂ) အဖြေကို အနည်းအများ သုံးသပ်နိုင်ပြီး အစားအစာကိုသော်လည်းကောင်း၊ ဆေးကိုသော်လည်းကောင်း အနည်းငယ်ပြုပြင်တာတွေ လုပ်နိုင်အောင်သင်ကြားပေးခြင်း၊
(ဃ) သွေးချိုဓာတ်အကျလွန်ခြင်းအကြောင်းကို အသိပေးထားပြီး ဖြစ်လာရင် မိမိကိုယ်မိမိ ပြုပြင်နိုင်ဖို့လိုပါတယ်။ သွေးအချိုအကျလွန်ခြင်းအကြောင်းကို ဆီးချိုလူနာတိုင်း သိအောင်လုပ်ထားပေးဖို့ လိုပါတယ်။

၅။ သွေးချိုထိန်းကောင်း၊ မကောင်းဆုံးဖြတ်ပေးတဲ့ သုံးလပျှမ်းမျှသွေးချို HbA1c အေဝမ်းစီကို လုံးဝမစစ်ဘဲ ကုသနေခြင်း၊

၆။ HbA1c မစစ်ဆေးဘဲ နေ့စဉ်သွေးချိုပဲ စစ်ထားတဲ့အတွက် ဆီးချိုဆေးကိုအချိန်နဲ့တစ်ပြေးညီ ထိရောက်အောင်ပြုပြင်ခွင့်မရဘဲ နှောင့်နှေးနေခြင်း။
ဒီလို ကြန့်ကြာနေတာက ဆရာဝန်တွေထံ လူနာက မသွားရောက်တာကြောင့် ဖြစ်နိုင်သလို၊ သွားရောက်သော်လည်း ဆရာဝန်တွေက ထိရောက်အောင် မပြုပြင်ပေးမိဘဲ ဒီအတိုင်း ဆေးဆက်သောက်စေခြင်း၊ ဆက်လက်စောင့်ကြည့်နေမိခြင်း၊ မှန်မှန်လာပြဖို့ မညွှန်ကြားဘဲ လွှတ်ထားမိခြင်းစတာတွေကြောင့် လည်းပါကြောင်း သတိပြုစေလိုပါတယ်။ HbA1c ကို ၇ရာခိုင်နှုန်းကို မရောက်မချင်းတစ်ခုခုပြုပြင်ဖို့ အလွန်အရေးကြီးပါတယ်။

၇။ ဆီးချိုသွေးချိုနောက်ဆက်တွဲရောဂါတွေ ကိုရှာဖွေပြီး စောစောကာကွယ်ကုသခြင်းတွေလုပ်ရမယ့် အချိန်မှာမလုပ်ဘဲနေခြင်း စစ်ဆေးမှုတွေ ဘာမျှမလုပ်မိလို့ နောက်ဆက်တွဲရောဂါ ရရှိနေမှန်းမသိဖြစ်ကာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး လွတ်သွားတာဖြစ်တတ်ပါတယ်။

“မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး”ဆယ်နှစ်လောက် ဒီအတိုင်းဆေးမညှိဘဲ သောက်နေပြီး ကျောက်ကပ်ပျက်၊ မျက်စိကွယ်သွားတော့မှ ကျန်းမာရေးဌာနဆေးခန်းတွေကို ရောက်လာသူတွေတွေ့နေရလို့ ဒီဆောင်းပါးကိုရေးလိုက်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နောင်တရနေမိရင်လည်း မတတ်နိုင်တော့ပါဘူး။ ဒါက တိုင်းရင်းဆေး အနန္တသုခကို မနက်၅လုံး၊ ညနေ၅လုံး သွေးစစ်စရာမလိုဘဲ သောက်နေတာနဲ့ ချွတ်စွတ်တူနေပါတယ်။

နောက်ဆုံးမှာကြားလိုတာက ဒီဆောင်းပါးကို ဖတ်မိသူတွေ မိမိကိုယ်ကိုပဲဖြစ်စေ၊ မိမိဆွေမျိုးမိတ်ဆွေတွေပဲဖြစ်စေ “မက်ဖော်မင် မနက်တစ်လုံး ညနေတစ်လုံး”နဲ့ မက်ဖော်မင်ကိုပဲ စွဲသောက်နေသူတွေရှိရင် ဒီနေ့ပြန်ပြင်ကြစေလိုပါတယ်။ အရင်ဦးဆုံး ဆီးချိုသွေးချိုထိန်းတဲ့ HbA1c ၃လပျမ်းမျှ သွေးချိူစံနှုန်း ၇ရာခိုင်နှုန်းကို မှီပြီလား စစ်ကြည့်လိုက်ပါ။ ကျောက်ကပ်အတွက် ဆီးကို မိုင်ခရိုအယ်လ်ဖြူမင်ခေါ် အသားဓာတ်တွေရှိ၊ မရှိစစ်ကြည့်ပါ။ “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး”နဲ့ မှိန်းနေတဲ့အိပ်ရာမှ နိုးထပြီး အမြန်ဆုံး ပြုပြင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top