Healthy Life Ad
Life Style

မက်ဖော်မင်၏ ‘သွေးချိုကျစေတဲ့ကောင်းကျိုးအပြင်’ Metformin : Beyond glycemic control

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

အမျိုးသမီးရောဂါနှင့် မက်ဖော်မင်

မက်ဖော်မင်ဟာ ဝတဲ့အမျိုးသမီးတွေအတွက် အသုံးကျတဲ့ဆေးတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို DM နဲ့ ရာသီမမှန်တဲ့ PCOS ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။ PCOS (အရှည်ကောက် polycystic ovary syndrome) ကတော့ အဝလွန်တဲ့ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ သားဥအိမ်အရည်အိတ်တည်ခြင်း၊ ရာသီမလာခြင်း/မမှန်ခြင်း၊ ကလေးမရနိုင်ခြင်း ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာရှိသူတွေကို မက်ဖော်မင်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ထိရောက်မှုလည်းရှိပါတယ်။ ဒီလို PCOS လူနာတွေမှာ ကိုယ်ဝန်ရလာတဲ့အခါ GDM လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပွားတဲ့ ဆီးချိုရောဂါဖြစ်လေ့ရှိပါတယ်။ ဒီလူနာတွေ ကိုယ်ဝန်ရှိစဉ်မှာလည်း မက်ဖော်မင်ဆက်သောက်ပြီး သွေးချိုထိန်းကြည့်တဲ့အခါ ထိရောက်မှုရှိပြီး ကလေးအပေါ် သက်ရောက်မှုဆိုးကျိုးတွေ မတွေ့ရပါဘူး။

မက်ဖော်မင်ဟာ သွေးချိုသိပ်မများတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုကိုကုသရာမှာ စိတ်ချစွာသုံးနိုင်တာ တွေ့လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုဖြစ်လာရင် ရှေးယခင်ကလို လူတိုင်း အင်ဆူလင်ထိုးဖို့မလိုပါဘူး။ အင်ဆူလင်တွန်းခံမှုများရင် မက်ဖော်မင်ကိုသုံးနိုင်ပါတယ်။ ဒါပေမဲ့ အထူးမှာကြားလိုတာက ဘယ်ကုထုံးနဲ့သင့်လျော်သလဲဆိုတာ ကျွမ်းကျင်သူတွေရဲ့ ဆုံးဖြတ်မှုကို အမြဲယူသင့်ပါတယ် . . .

ဒါကြောင့် မက်ဖော်မင်ဟာ သွေးချိုသိပ်မများတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသရာမှာ စိတ်ချစွာသုံးနိုင်တာ တွေ့လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုဖြစ်လာရင် ရှေးယခင်ကလို လူတိုင်း အင်ဆူလင်ထိုးဖို့မလိုပါဘူး။ အင်ဆူလင် တွန်းခံမှုများရင် မက်ဖော်မင်ကိုသုံးနိုင်ပါတယ်။ ဒါပေမဲ့ အထူးမှာကြားလိုတာက ဘယ်ကုထုံးနဲ့သင့်လျော်သလဲဆိုတာ ကျွမ်းကျင်သူတွေရဲ့ဆုံးဖြတ်မှုကို အမြဲယူသင့်ပါတယ်။

မက်ဖော်မင်က နောက်ထပ်ဘာတွေ ကောင်းတာရှိသေးလဲ

မက်ဖော်မင်ဟာ အာရုံကြောတွေကို တိုက်ရိုက်ကာကွယ်မှုပေးနိုင်တဲ့သတ္တိကိုလည်း သုတေသီတွေက တွေ့ရှိထားပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ Oxidative stress ကြောင့် အာရုံကြောကလာပ်စည်း (Nerve cells)တွေပျက်စီးခြင်း (Degeneration)ကြောင့် မှတ်ဉာဏ်နည်းခြင်း၊ အာရုံကြောအားနည်းခြင်း၊ သူငယ်ပြန်ခြင်းစတာတွေ ပိုဖြစ်တတ်ပါတယ်။ ဒါတွေကို အဖြစ်နည်းအောင် မက်ဖော်မင်က တားဆီးနိုင်တာ တွေ့ရပါတယ်။

နောက်စိတ်ဝင်စားစရာတစ်ခုကတော့ မက်ဖော်မင်ဟာ ကင်ဆာရောဂါနဲ့ပတ်သက်လို့ ကောင်းကျိုးရှိနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပဲဖြစ်ပါတယ်။ မက်ဖော်မင်ကို ကင်ဆာကုထုံးတွေနဲ့ပူးပေါင်းပြီးသုံးရင် ပိုမိုထိရောက်စေတာတွေလည်း တွေ့လာပါတယ်။ ရင်သားကင်ဆာဖြစ်တဲ့ဆီးချိုလူနာတွေမှာ Tamoxifen ဟော်မုန်းဆိုင်ရာ ကုထုံးကိုသုံးရတဲ့အခါ မက်ဖော်မင်သောက်ထားတဲ့သူတွေမှာ အကျိုးပိုရှိတာ၊ ပိုပြီးထိရောက်တာတွေ့ရပါတယ်။ ဓာတ်ခွဲခန်းတွေမှာ တိရစ္ဆာန်တွေနဲ့စမ်းသပ်ကြည့်တဲ့အခါ ပိုပြီးထင်ရှားလာပါတယ်။ မက်ဖော်မင်ဟာ ကင်ဆာရောဂါဖြစ်ပွားမှုတွေကို တားဆီးနိုင်မလားဆိုတဲ့ အချက်တွေကို ဆက်ပြီးလေ့လာနေဆဲဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရရင် မက်ဖော်မင်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေအားလုံး (ဆေးဒဏ်မခံနိုင်သူတွေနဲ့ ကျောက်ကပ်အား အလွန်နည်းသူတွေကလွဲပြီး) သုံးသင့်တဲ့ ဆေးတစ်ခုဖြစ်ပါတယ်။ တခြားဆီးချို ဆေးအားလုံးနဲ့လည်း တွဲပြီးသုံးနိုင်ပါတယ်။ ဆီးချိုလူနာတွေရဲ့ သက်တမ်းကို ပိုရှည်စေနိုင်ပါတယ်။

နှလုံးရောဂါဖြစ်စေတဲ့ အခြေခံအချက်တွေ အားလုံးကိုပြုပြင်ပေးလို့ နှလုံးအတွက် မိတ်ဆွေကောင်းဖြစ်ပါတယ်။ ကျောက်ကပ်၊ ဦးနှောက်၊ အသည်းတွေကိုလည်း ကာကွယ်ပေးပါတယ်။ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ မီးယပ်မမှန်၊ ကလေးမရတဲ့ရောဂါတွေကိုလည်း ကောင်းစေတဲ့အပြင် ကိုယ်ဝန်ဆောင်ဆီးချိုမှာလည်း အသုံးကျပါတယ်။ နောက်ဆုံးတော့ ကင်ဆာရောဂါတွေမှာလည်း အကျိုးပေးနိုင်တာတွေကို ဆက်ပြီးလေ့လာဆဲဖြစ်ပါတယ်။ မက်ဖော်မင်ဟာ ဆီးချိုလူနာသာမက ဆီးချိုမရှိတဲ့သာမန် လူတွေအတွက်လည်း အကျိုးရှိနိုင်မယ့် သုံးလို့ရနိုင်မယ့် ဆေးကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မက်ဖော်မင်ရဲ့သတင်းကောင်းလေးတွေကို ဆက်လက်စောင့်မျှော်ကြည့်ကြပါစို့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top