Healthy Life Ad
International

မျက်နှာပေါ်ရှိအကျိတ်ကြီးကြောင့် တစ်နှစ်ပြည့်အောင်မနေနိုင်ဟု သတ်မှတ်ထားသူလေး မကြာခင်ဘွဲ့ရတော့မည်

၊ ကိုထက် ၊

ကယ်လီဖိုးနီးယားမှ ကလေးငယ်လေးဟာ မွေးရာပါ မျက်နှာအကျိတ်ကြီးကြောင့် ဆရာဝန်ရော မိသားစုကပါ တစ်နှစ်ပြည့်အောင် နေနိုင်မှာမဟုတ်လို့ သတ်မှတ်ခဲ့ကြပေမယ့်လည်း စိတ်ဓာတ်ကြံ့ခိုင်စွာနေထိုင်လျက်ရှိပြီး နောက်နှစ်မှာ တက္ကသိုလ်မှ ဘွဲ့ယူရတော့မှာ ဖြစ်ပါတယ်။

အခုအခါ အသက် ၁၆ နှစ်ရှိပြီဖြစ်တဲ့ ဂျက်ကွီလိုင်းဟာ အလွန်ရှားပါးလှတဲ့ မွေးရာပါ မျက်နှာ အစိတ်အပိုင်းချို့တဲ့တဲ့ရောဂါပါလာခဲ့ပြီး သူမရဲ့ လျှာနဲ့ပါးအတွင်းပိုင်းမှာ အလွန်ကြီးတဲ့အကျိတ်ကြီး ဖြစ်ပေါ်နေခဲ့ပါတယ်။ အကျိတ်ဟာ ဂျက်ကွီရဲ့လည်မျိုအပေါက်ကို ပိတ်ဆို့ထားတဲ့အတွက် စကားမပြောနိုင်သလို အစားလည်း မစားနိုင်ပါဘူး။ သူမဟာ iPad မှတစ်ဆင့် စကားပြောဆိုပြီး အထူးပြုလုပ်ပေးထားတဲ့ ပိုက်မှတစ်ဆင့် အစားအစာတွေကိုထည့်ပေးရတယ်လို့သိရပါတယ်။

သူဟာ ကြီးလာရင် သူနာပြုဖြစ်ချင်တယ်လို့ ဆိုပါတယ်။ ဂျက်ကွီလိုင်းရဲ့ မိသားစုတွေဟာ သူ့ကို အကောင်းမြင်တတ်ဖို့နဲ့ သာမန်မိသားစုဘဝကိုရရှိစေဖို့ အကောင်းဆုံး ထောက်ပံ့ကူညီပေးခဲ့ကြပါတယ်။ “အလွန်ကြီးမားတဲ့အခက်အခဲတွေကို မမှုဘဲ ရင်ဆိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိ တဲ့သူ့အတွက် အရမ်းကို ဂုဏ်ယူမိပြီး စိတ်အေးရပါတယ်”လို့ အသက် ၆၀ ရှိပြီဖြစ်တဲ့ ဂျက်ကွီလိုင်းရဲ့ အဖေဖြစ်သူက ပြောပြခဲ့ပါတယ်။

သူဟာ စာကြိုးစားပြီး သူငယ်ချင်းတွေအပေါ်လည်း ကူညီတတ်သူ၊ အကောင်းမြင်တတ်သူ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ တန်းနစ်ကစားတာနဲ့ ဂီတာတီးတာတွေပြုလုပ်လေ့ရှိပါတယ်။ သူဟာ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေရှိပြီး အောင်မြင်အောင်လည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ “အပြင်တွေထွက်တဲ့အခါ လမ်းမှာတွေ့တဲ့သူအတော်တော်များများက ကျွန်မကို စိုက်ကြည့်နေကြတာ၊ လက်ညှိုးထိုးနေကြတဲ့အချိန်ဆို ဝမ်းနည်းမိပါတယ်။ တကယ်ဆိုကျွန်မလည်း သာမန်လူတစ်ယောက်ပါပဲ” လို့ ဂျက်ကွီလိုင်းက ပြောပြခဲ့ပါတယ်။

ဆရာဝန်တွေက သူ့သက်တမ်းတစ်လျှောက်လုံး အလုံးကျိတ်ကို ခွဲထုတ်ပေးခဲ့ကြပေမယ့် အကျိတ်ကြီးက ပြန်ပြန်ကြီးထွားလာစမြဲပါပဲ။ ပျောက်ကင်းအောင် ကုသမှုမပေးနိုင်သေးပေမယ့် တခြား အာရုံကြောတွေနဲ့ အစိတ်အပိုင်းတွေ ထိခိုက်မှုမရှိစေဖို့ ကုသမှုတွေပေးလျက်ရှိပါတယ်။ ဒါပေမဲ့ အကျိတ်ဟာ သူရဲ့ညာဖက်မျက်လုံးနေရာထိ ကြီးမားလာတဲ့အတွက် မျက်နှာပုံစံဟာ အနည်းငယ် ပိုမိုပျက်ယွင်းနေတယ်လို့ သိရပါတယ်။

ဂျက်ကွီလိုင်းကို ကိုယ်ဝန်ဆောင်စဉ်အခါက ကလေးဟာ မူမမှန်ဖြစ်နေပြီး အသက်လည်း ရှည်နိုင်မှာ မဟုတ်တဲ့အတွက် ဖျက်ချဖို့ အကြံပေးခဲ့ပေမယ့်လည်း မဖျက်ချဘဲ မွေးဖွားခဲ့တာဖြစ်ပါတယ်။ “ကျန်းမာရေးလည်း ကောင်းမွန်နေပြီး သူဖြစ်ချင်တဲ့ ဆန္ဒတွေလည်း အောင်မြင်သင့်သလောက် အောင် မြင်နေပါပြီ… သာမန်ဘဝလေးဖြစ်အောင် မိသားစုရော အပေါင်းအသင်းတွေကပါ ဝိုင်းထောက်ပံ့ပေး သွားမှာပါ”လို့မိသားစုဝင်တွေကပြောပြခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top