Healthy Life Ad
International

မွေးရာ မျက်နှာအဖုကြီးကြောင့် မိဘများ၏ စွန့်ပစ်ခြင်းခံခဲ့ရသူ ကလေးမလေး ခွဲစိတ်မှုခံယူ

၊ ကိုထက် ၊

အသက် ၁၅နှစ်ရှိပြီဖြစ်တဲ့ ဆီမာရီယာမှာ မွေးရာပါမျက်နှာအဖုကြီး ပါရှိပါတယ်။ သူရဲ့ နေ့စားအလုပ်သမား ဖခင်နဲ့ အိမ်ရှင်မမိခင်မှာ သားသမီး ၈ ယောက်ရှိပြီး အလွန်ဆင်းရဲကြပါတယ်။ ဆီမာရီယာရဲ့မျက်နှာအဖုကြီးကြောင့် လူတွေကရှောင်ကြတဲ့အတွက် အလုပ်လုပ်လို့မရတာကြောင့် မိသားစုကနှင်ထုတ်ခဲ့ရာ လမ်းပေါ်မှာ တောင်းစားရတဲ့ ဘဝသို့ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေမှာ မိဘမဲ့ကလေး ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာက သူ့ကိုလမ်းပေါ်မှာ တွေ့ရှိခဲ့တဲ့အတွက် စောင့်ရှောက်ရေးဂေဟာသို့ ခေါ်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာပဲ ဒေသဆိုင်ရာ ဆရာဝန်တွေကို ပြသပေးခဲ့ပြီး အဖုကြီးကိုခွဲစိတ်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

သူရဲ့မျက်နှာအဖုကြီးဟာ ဝ ဒသမ ၆ ပေါင်ခန့် အလေးချိန်ရှိပြီး ဒီအဖုကြီးကြောင့် ဘယ်ဘက်မျက်စိလည်း မမြင်ရတော့ဘူးလို့ သိရပါတယ်။ ဆီမာရီဟာရဲ့ ခွဲစိတ်မှုဟာ စတာလင်ပေါင် ၆၀ဝ ခန့်ကုန်ကျမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ၇ နာရီကြာတဲ့ ခွဲစိတ်မှုပြုလုပ်ပြီး သူမမျက်နှာအဖုကြီးကို ဆရာဝန်တွေက ဖယ်ရှားပေးခဲ့ကြပါတယ်။ ခွဲစိတ်မှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၇၀ဝ ခန့်ကုန်ကျပေမယ့် ခွဲစိတ်မှုကို အားလုံး အခမဲ့ပြုလုပ်ပေးခဲ့ကြပါတယ်။

အာရုံကြောဆရာဝန် ပရာရှဲနီဝေါကာက “မျက်နှာအဖုကြီးက ကိုယ်ဝန်ဆောင်စဉ်ကာလကတည်းက ဦးခေါင်းရိုးဖွံ့ဖြိုးမှု ချို့ယွင်းခဲ့လို့ဖြစ်ပြီး ဒီလို အခြေအနေတွေကို ကိုယ်ဝန်နုစဉ် အာထရာဆောင်းရိုက်ရင် ကြိုတင်သိရှိနိုင်ပါတယ်၊ ဒီကလေး အမေကတော့ ကိုယ်ဝန်ရှိစဉ်ကနေ မွေးဖွားချိန်ထိ ဒါမျိုးစစ်ဆေးမှုတွေ ဘာမှမပြုလုပ်ခဲ့ဘူးလို့ ထင်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ ဒီလိုမွေးရာပါ အဖုကြီးတွေကို ခွဲစိတ်တာက အောင်မြင်နှုန်းအလွန်များပြီး ဆီမာရီယာရဲ့ အခြေအနေကလည်း အောင်မြင်မှာပါလို့ ပြောပြခဲ့ပါ သေးတယ်။ ဒါပေမယ့် ပုံစံပျက်နေတဲ့မျက်နှာကို ပြုပြင်ဖို့နဲ့ မမြင်ရတော့တဲ့ မျက်လုံးတစ်ဖက်ကိုတော့ ထပ်မံခွဲစိတ်မှုတွေပြုလုပ်ဖို့ လိုအပ်နေသေးကြောင်းလည်း သိရပါတယ်။

ဆီမာရီယာကို လိုအပ်တဲ့နောက်ထပ်ခွဲစိတ်မှုတွေ ပြုလုပ်ပြီး သာမန်ဘဝကိုရောက်တဲ့အထိ စောင့်ရှောက်ရေးဂေဟာမှာပဲ နေစေမှာဖြစ်ပြီး အားလုံးပြီးဆုံးသွားရင်တော့ မိသားစုဆီပြန်မယ်၊ မပြန်ဘူးဆိုတာကို ကလေးမလေးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်လို့ ဂေဟာမှ စောင့်ရှောက်သူ မစ္စတာ ရူကယ်လ်က ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top