Healthy Life Ad
Uncategorized

ချိတ်သန်ကောင်များကြောင့် သွေး ၂၂ လီတာ ဆုံးရှုံးခဲ့ရသည့် ကောင်လေး

၊ ကိုထက် ၊

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ချိတ်သန်ကောင်တွေရှိနေခဲ့ပြီး သွေး ၂၂လီတာခန့် စုပ်ယူခံနေရတဲ့ အသက် ၁၄ နှစ်အရွယ် ကောင်လေးကို ဆရာဝန်တွေက ကုသမှုပေးခဲ့ရတယ်လို့ နယူးဒေလီ သတင်းအရ သိရပါတယ်။

ကောင်လေးရဲ့ ကျန်းမာရေးပြဿနာကို အဖြေရှာဖို့ ရှားပါးတဲ့ ဗီတာမင်ဆေးတောင့်အရွယ် အစာအိမ်ကြည့်မှန်ပြောင်းလေးကို ဆရာဝန်တွေ အသုံးပြုခဲ့ရပါတယ်။ “ကောင်လေးက သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ခံစားနေရတာ နှစ်နှစ်လောက်ရှိပြီ။ ဒါနဲ့ သွေးသွင်းကုသမှုကို ခံယူခဲ့ရတယ်။ နှစ်နှစ်အတွင်း သွေး ၂၂ လီတာကို သွင်းခဲ့ရတယ်”လို့ ဆာဂန်နာရမ်ဆေးရုံ၊ အစာအိမ်အူလမ်းကြောင်းဌာန ဥက္ကဌ အနီအေရိုရာက ဆိုပါတယ်။

လူနာကို အစာအိမ်မှန်ပြောင်းကြည့်တာ၊ အူမကြီး မှန်ပြောင်းကြည့်တာ စတဲ့နည်းတွေနဲ့ အမျိုးမျိုး ရောဂါရှာဖွေခဲ့ပေမယ့် ရောဂါမတွေ့ခဲ့ပါဘူး။ လူနာကောင်လေးကလည်း ဟေမိုဂလိုဘင် ၅ ဒသမ ၈၆ အထိလျော့နည်းလာခဲ့တာကြောင့် ဆရာဝန်တွေက ဆေးတောင့်အရွယ် အစာအိမ်မှန်ပြောင်းနဲ့ ရောဂါရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

အဆိုပါ ဆေးတောင့်သဖွယ် အစာအိမ်ကြည့်မှန်ပြောင်းက လူနာမျိုချနိုင်တဲ့ အရွယ်အစားရှိပြီး အဲဒီမှာ သေးငယ်တဲ့ ကြိုးမဲ့ကင်မရာပါတာကြောင့် အစာခြေလမ်းကြောင်း ဓာတ်ပုံတွေကို ရိုက်ပေးပါတယ်။ “အူသိမ်ထဲမှာရှိနေတဲ့ ချိတ်သန်ကောင်များစွာက လှုပ်လှုပ်ရွရွနဲ့ သွေးတွေစုပ်ယူနေတာကို အံ့အားသင့်ဖွယ် တွေ့လိုက်ရပါတယ်”လို့ အေရိုရာက ပြောပြခဲ့ပါတယ်။

ကုသမှုပြီးချိန်မှာ ကောင်လေးဟာ ပြန်လည်ကျန်းမာလာပြီး ဟေမိုဂလိုဘင်အဆင့်က ၁၁ gm/dl အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ချိတ်သန်ကောင်ကူးစက်ခံရတာကို အာရှလူမျိုးတွေမှာ အတွေ့ရများပြီး ချိတ်သန်ကောင် ကူးစက်မခံရစေဖို့ ခြေဗလာနဲ့ လမ်းလျှောက်တာကိုရှောင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက် စားသင့်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top