Healthy Life Ad
Life Style

အိပ်မက်ဆိုးရောဂါ (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူရဲ့မိတ်ဆွေ ကိုဆွေတစ်ယောက် မပြောမဆို အိမ်အလည်ရောက်လာပါတယ်။

“ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာလို့ စိတ်မရှိပါနဲ့ ကိုအုန်းကျော် . .ခင်ဗျားကို မေးချင်တာလေးတစ်ခုရှိလို့ လမ်းကြုံတာနဲ့ ဝင်လာတာပါ”

“ရပါတယ် ကိုဆွေ . . ထိုင်ပါ . .လက်ဖက်ရည်သောက်ရင်း စကားပြောကြတာပေါ့”

ကိုဆွေက သူဆွေးနွေးချင်တဲ့ ကိစ္စကို စတင်ပြောပါတယ်။ “ကျွန်တော့်သမီးလေးကိစ္စပါ။ သူက အသက် ၆နှစ် ပြည့်ပြီးပါပြီ။ အခုတလော ညဘက်မှာ လန့်လန့်ပြီး အိပ်ရာက နိုးနေတတ်ပါတယ်”

သမီးက ညဦးပိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါတယ်။ ညလယ်လောက်ရောက်ရင် အိပ်ရာကလန့်နိုးပြီး ငိုယိုနေတတ်တယ်။ ကလေးက ချွေးစေးပြန်နေတယ်။ တုန်တုန်ယင်ယင်ဖြစ်နေတယ်။ မေမေ ‘ကျွန်မကြောက်လိုက်တာ . .ကြောက်လိုက်တာ’ လို့ပြောတယ်။ သူ့ အမေက ‘သမီး … ဘာကို ကြောက်နေတာလဲ’လို့ မေး တော့ . . .

“ဘယ်လိုလန့်တာလဲ ကိုဆွေ”

“သမီးက သူ့အမေနဲ့အတူ အိပ်ပါတယ်။ သူ့အမေပြောပြတာကို ကျွန်တော်လက်ဆင့်ကမ်းပြောမယ်။ သမီးက ညဦးပိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါတယ်။ ညလယ်လောက်ရောက်ရင် အိပ်ရာက လန့်နိုးပြီး ငိုယိုနေတတ်တယ်။ ကလေးက ချွေးစေးပြန်နေတယ်။ တုန်တုန်ယင်ယင်ဖြစ်နေတယ်။ မေမေ “ကျွန်မကြောက်လိုက်တာ . .ကြောက်လိုက်တာ”လို့ ပြောတယ်။ သူ့အမေက “သမီး ဘာကိုကြောက်နေတာလဲ”လို့ မေးတော့ “ကျွန်မအိပ်မက်ကို ကြောက်နေတာ”လို့ ပြောတယ်။ အိပ်မက်ထဲမှာ ကြောက်စရာမြင်မက်ပြီး အိပ်ရာကလန့်နိုးလာတယ်။ ဆက်ပြီး ကြောက်နေတယ်”တဲ့။

“ဘယ်လို ကြောက်စရာ အိပ်မက်မျိုးလဲ”လို့ စာရေသူက စူးစမ်းမေးမြန်းတယ်။

“သူ့အိပ်မက်ကို အိပ်ရာကနိုးစမှာ သမီးက ကောင်းကောင်းမှတ်မိတယ်။ လူတွေက သူ့ကို လိုက်ဖမ်းနေတဲ့ အိပ်မက်မျိုး၊ အမြင့်က လိမ့်ကျတဲ့အိပ်မက်မျိုး၊ မကောင်းဆိုးဝါးတွေက ခြိမ်းခြောက်လို့ ပြေးလွှားနေရတဲ့ အိပ်မက်မျိုးတွေပါ။ အိပ်ရာက လန့်နိုးပြီးရင် ပြန်ပြီးအိပ်ပျော်ဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တဲ့ ညတွေလည်း ရှိလာပါတယ်။ သမီးရဲ့ “စိတ်ကျန်းမာရေးအတွက် သူ့အမေက စိတ်ပူနေတယ်။ အဲဒါ စိုးရိမ်ရသလား”

စာရေးသူက အနည်းငယ် အချိန်ယူစဉ်းစားပြီး ရှင်းပြပါတယ်။

“ထိတ်လန့်စရာ၊ ဘေးဒုက္ခကြုံတွေ့စရာ မိမိရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကျဆင်းစရာ အဖြစ်အပျက်တွေကို အိပ်မက်မြင်မက်ပြီး အိပ်ရာက လန့်နိုးတာကို ‘အိပ်မက်ဆိုးမြင်မက်ခြင်း’ (Dream Anxiety Attack) လို့လည်းခေါ်ဆိုကြပါတယ်။ လက္ခဏာတွေကိုပြောပြမယ်။ အိပ်မက်ဆိုးမြင်မက်ခြင်းက “မျက်စိကစားတဲ့ အိပ်စက်ချိန်” (REM-Sleep) အတွင်းမှာ ဖြစ်ပေါ်တာတွေ့ရတယ်။ အိပ်မက်ထဲမှာ ကြောက်လန့်ပြီး အိပ်ရာက လန့်နိုးတတ်တယ်။ အိပ်ရာကနိုးလာရင် ကာယကံရှင်ရဲ့စိတ်ထဲမှာ ဆက်ပြီးကြောက်ရွံ့ထိတ်လန့်နေတုန်းပဲ။ ပတ်ဝန်းကျင်အခြေအနေကို အမှန်အတိုင်း သိရှိဆက်ဆံနိုင်တယ်။ မိမိရဲ့ အိပ်မက်ကိုလည်း မှတ်မိနေတယ်။ ပြန်လည်ပြောပြနိုင်တယ်။ ဒီတော့ ခင်ဗျားပြောတဲ့ အချက်တွေအရ ခင်ဗျားသမီး ညဘက်မှာ “အိပ်မက်ဆိုးမက်”နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ “အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်ခြင်း” (Sleep Terror/NightTerror) လက္ခဏာနဲ့ ခွဲခြားဖို့တော့လိုပါတယ်”

ကိုဆွေက စိတ်ဝင်စားတဲ့ အမူအရာနဲ့ မေးမြန်းပါတယ်။ “အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်ခြင်းဆိုတာ ဘာလဲကိုအုန်းကျော်”

“အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တာကလည်း အိပ်စက်မှုနဲ့ဆိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်တယ်။ လက္ခဏာတွေကိုပြောပြမယ်။ အိပ်ပျော်နေစဉ်ကြောက်ရွံ့ထိတ်လန့်တာကို အိပ်မောကျတဲ့အိပ်ချိန် (Non-REM Sleep) အတွင်းမှာ တွေ့ရှိရတယ်။ ကာယကံရှင်က အသံနက်ကြီးနဲ့ အော်ဟစ်တယ်။ နောက်ပြီး ဗြုန်းကနဲ အိပ်ရာက နိုးလာတယ်။ လဲလျောင်းနေရာက ထထိုင်နေတတ်တယ်။ အလွန်အမင်းကြောက်ရွံ့ထိတ်လန့်နေတဲ့ အမူအရာပြမယ်။ နှလုံးခုန်နှုန်းမြန်မယ်။ အသက်ရှူနှုန်းမြန်မယ်၊ ချွေးစေးပြန်နေမယ်။ ကာယကံရှင်က ပတ်ဝန်းကျင်အခြေအနေကို အမှန်အတိုင်း သတိမထားမိဘူး။ ဇဝေဇဝါ ဖြစ်နေတယ်။ မေးမြန်းကြည့်လို့မရ၊ ဖျောင်းဖျလို့မရရှိမယ်။ ကြောင်တောင်တောင် ဖြစ်နေတယ်။ စကားပြောရင်လည်း ကပေါက်တိကပေါက်ချာ ဖြစ်နေမယ်။ အိပ်မက်ကိုလည်း ပြန်မပြောနိုင်ဘူး။ အိပ်ရာက လုံးဝနိုးကြားလာတဲ့အခါမှာ အဲဒီအဖြစ်အပျက်ကို မမှတ်မိဘူး။ အဲဒါကတော့ “အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်ခြင်း”ရဲ့ လက္ခဏာတွေပါပဲ”

ကိုဆွေက လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်ပြီး မှတ်ချက်ချပါတယ်။ “ကျွန်တော့်သမီးရဲ့ အဖြစ်အပျက်က အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တာနဲ့ မတူပါဘူး။ အိပ်မက်ဆိုးမြင်မက်တာပဲဖြစ်မှာပါ။ အဲဒါစိုးရိမ်ရသလား”

စာရေးသူက အိပ်မက်ဆိုးအကြောင်းကို ရှင်းပြပါတယ်။

“အိပ်မက်ဆိုးမြင်မက်တိုင်း အိပ်မက်ဆိုးရောဂါရှိတယ်လို့ မယူဆနိုင်ပါဘူး။ လူတွေထဲမှာ ၉၀ ရာခိုင်နှုန်းလောက်က ဘဝတစ်ကွေ့ တစ်ချိန်ချိန်မှာ တစ်ခါတစ်ရံ အိပ်မက်ဆိုးမြင်မက်တတ်ကြပါတယ်။ ဒါပေမဲ့ “အိပ်မက်ဆိုးရောဂါ” (Nightmare Disorder) ဖြစ်နှုန်းကတော့ ဒီလောက်မများပါဘူး။ ကလေး ၁၀ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်ပွားတာတွေ့ရှိရတယ်။ အသက် ၃ နှစ်နဲ့ ၆ နှစ်အရွယ်ကလေးတွေမှာ စတင်ဖြစ်ပွားပါတယ်။ အရွယ်ရောက်တွေထဲမှာတော့ တစ်ရာမှာ တစ်ယောက်နှုန်းအိပ်မက်ဆိုးရောဂါ ရရှိနိုင်တယ်”

ကိုဆွေက အနည်းငယ်စဉ်းစားပြီး သူသိချင်တဲ့အချက်ကို မေးပါတယ်။ “ဒီလိုဆိုရင် အိပ်မက်ဆိုးရောဂါလို့ သတ်မှတ်နိုင်ဖို့ ဘယ်လိုလက္ခဏာတွေ ရှိရမလဲ”

“ကိုဆွေသိချင်ရင် ကျွန်တော်ပြောပြပါမယ်။ ခင်ဗျားသမီးလေးကို လေ့လာကြည့်နိုင်တာပေါ့။ အိပ်မက်ဆိုးရောဂါမှာ တွေ့ရှိရတဲ့ လက္ခဏာတွေကတော့ (က) ရက်သတ္တပတ်တစ်ပတ်အတွင်းမှာ အိပ်မက်ဆိုး အကြိမ်ကြိမ်မြင်မက်ခြင်း၊ ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ဆက်တိုက်ဖြစ်ပွားခြင်း၊ (ခ) နေ့အချိန်မှာလည်း အိပ်မက်ဆိုးကို ပြန်လည်သတိရပြီး စိုးရိမ်စိတ် ကြောက်စိတ်ဆက်လက်ခံစားနေရခြင်း၊ (ဂ) အိပ်ပျော်သွားရင် အိပ်မက်ဆိုးမြင်မက်မှာကို ကြိုတင်ပူပန်နေခြင်း၊ အိပ်ရာထဲဝင်ရမှာကို ကြောက်တတ်လာခြင်း။ ဒါကြောင့် အိပ်မပျော်တဲ့ အကျင့်ရရှိလာနိုင်ခြင်း၊ (ဃ) နေ့အချိန်မှာ အာရုံစူးစိုက်မှု ချို့ယွင်းလာခြင်း၊ မှတ်ဉာဏ်အားနည်းလာခြင်း (င) နေ့အချိန်မှာ အိပ်ငိုက်ခြင်း၊ မောပန်းနွမ်းနယ်လွယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ (စ) လုပ်ကိုင်နေကျ နေ့စဉ်လုပ်ငန်းတွေကို အရင်ကလို လုပ်ကိုင်နိုင်မှုမရှိဖြစ်လာခြင်း၊ (ဆ) ရောဂါကြာရှည်လာရင် အမှောင်ကို အကြောက်လွန်ကဲတဲ့ဝေဒနာ ဖြစ်ပေါ်လာတတ်ခြင်း စတာတွေပေါ့ဗျာ”

ကိုဆွေက လက်ဖက်ရည်ခွက်ကိုကိုင်ပြီး အတန်ကြာအောင် စဉ်းစားနေပါတယ်။ နောက်ပြီးမှ မှတ်ချက်ချတယ်။ “ကျွန်တော့်သမီးလေးမှာ အဲဒီလိုလက္ခဏာတွေတော့ မတွေ့ရသေးပါဘူး။ အခုတလောမှာ အိပ်မက်ဆိုးမြင်မက်တာ များလာလို့ပါ။ အိပ်မက်ဆိုးမက်တာ ဘာအကြောင်းကြောင့်လဲ”

ကိုဆွေရဲ့ မေးခွန်းကို မဖြေကြားခင် စာရေးသူက အချိန်ယူ စဉ်းစားလိုက်တယ်။ “အကြောင်းရင်းတစ်ခုခုကို အခြေခံပြီး ဖြစ်ပွားတဲ့ အိပ်မက်ဆိုးမက်တာနဲ့ အကြောင်းရင်းရှာမရတဲ့ အိပ်မက်ဆိုးရောဂါလို့ နှစ်မျိုးခွဲခြားနားလည်ဖို့ လိုပါတယ်။

အိပ်မက်ဆိုးမြင်မက်စေတဲ့ အကြောင်းရင်းတွေကို ကျွန်တော်ပြောပြမယ်။ (က) အိပ်ရာမဝင်ခင် ထိတ်လန့်စရာ ပုံပြင်ဝတ္ထုဖတ်တာ၊ သရဲတစ္ဆေကားကြည့်တာ၊ ကြောက်ရွံ့ထိတ်လန့်စရာသတင်း မြင်ရကြားရတာ စတဲ့ အတွေ့အကြုံကြောင့် အိပ်မက်ဆိုး မြင်မက်တတ်ပါတယ်။ (ခ) စာသင်ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ် အခက်အခဲပြဿနာနဲ့ ရင်ဆိုင်ခဲ့ရရင် ညဘက်မှာ အိပ်မက်ဆိုးမက်တတ်ပါတယ်။ (ဂ) ဘေးအန္တရာယ်ကြုံတွေ့ပြီး ခံစားရတဲ့ စိတ်ဖိစီးမှုရောဂါ (PTSD)ရှိရင် မကြာခဏ အိပ်မက်ဆိုးမြင်မက်တတ်ပါတယ်။ (ဃ) စိတ်ရောဂါ ဒါမှမဟုတ် ခန္ဓာကိုယ်ရောဂါရှိရင် အိပ်မက်ဆိုးမြင်မက်တာရှိတယ်။ ဥပမာ-စိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ ဖြစ်ပေါ်စအချိန်ကာလ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စတာတွေ ဖြစ်ပါတယ်။ (င) အကြောင်းတစ်ခုခုကြောင့် အိပ်ရေးပျက်ပြီး အိပ်ခွင့်ရတဲ့ ညမှာအိပ်ပျော်သွားရင် “မျက်စိကစားတဲ့ အိပ်စက်ချိန်” (REM-Sleep) ပိုမိုများပြားလာပါတယ်။

ဒါကြောင့် အိပ်မက်တွေ ပိုပြီးမြင်မက်မယ်။ အိပ်မက်ဆိုးတွေလည်း ပါလာနိုင်ပါတယ်။ (စ) အရက်နဲ့ မူးယစ်ဆေးစွဲရောဂါရှိရင် အိပ်မက်ဆိုးမြင်မက်တာများတယ်။ အရက်မူး၊ ဆေးမူးပြီး အိပ်ပျော်တဲ့အချိန်မှာဖြစ်ဖြစ်၊ ဒါမှမဟုတ် အရက်ဖြတ်၊ မူးယစ်ဆေးဖြတ်လိုက်တဲ့အချိန်မှာဖြစ်ဖြစ် အိပ်ပျော်သွားတဲ့အခါ အိပ်မက်ဆိုးမြင်မက်တတ်ပါတယ်။ (ဆ) စားဆေးတချို့ကို သုံးစွဲနေရရင် အိပ်မက်ဆိုးမြင်မက်တတ်တာရှိတယ်။ ဥပမာ- စိတ်ကျရောဂါကုသဆေး၊ သွေးတိုးရောဂါကုသဆေး၊ ပါကင်ဆန်အာရုံကြောရောဂါ ကုသဆေးစတာတွေပါပဲ။ (ဇ) အိပ်မက်ဆိုးမြင်မက်တာ အဖြစ်များတဲ့ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါတွေ ရှိပါတယ်။ ဥပမာ-ဆကီးဇွိုက်(တေမိ) ကိုယ်ရည်ကိုယ်သွေးရှိသူ၊ ဟိုမရောက်ဒီမရောက် စိတ်ငြိမ်ခြင်းကင်း ကိုယ်ရည်ကိုယ်သွေးရှိသူနဲ့ အံမဝင်ခွင်မကျ လူထူးလူဆန်း ကိုယ်ရည်ကိုယ်သွေးရှိသူတို့ ဖြစ်ပါတယ်”

တစ်ချိန်လုံး လက်ဖက်ရည်ပန်းကန်ကို စိုက်ကြည့်ပြီး နားထောင်နေတဲ့ ကိုဆွေက ကြားဖြတ်ပြောပါတယ်။ “ကျွန်တော့်သမီးက အခုတလော သူ့အမေနဲ့အတူ သရဲကားကြည့်တဲ့အကျင့်တော့ ရှိပါတယ်။ ခင်ဗျားပြောတဲ့ တခြားအကြောင်းရင်း အချက်အလက်တွေကိုတော့ သတိမထားမိပါဘူး”

“ဒီလိုဆိုရင် ညအိပ်ချိန်မှာ သရဲကားကြည့်တဲ့အကျင့်ကို လျှော့ခိုင်းပေါ့။ နောက်ပြီး အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးအလေ့အကျင့် (SleepHygiene) ကိုအားပေးပေါ့။ အခုထက်ပိုပြီးဆိုးလာရင်တော့. .”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top