Healthy Life Ad
International

မျက်နှာအတွင်းကျည်ဆံဝင်နေခဲ့သော လုယက်သူကို နှာခေါင်းပေါက်မှတစ်ဆင့် ကျည်ဆံကို ပြန်လည်ဖယ်ရှားပေးခဲ့

၊ ကိုထက် ၊

ဒီဇင်ဘာလ အစပိုင်းခန့်မှာ အိန္ဒိယလူမျိုးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် တန်ဗီရာအာမန်ဟာ လုယက်မှုတစ်ခုပြုလုပ်နေစဉ် လုံခြုံရေးတွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ ကျည်ဆံဟာ သူရဲ့မျက်နှာကို ထိမှန်ခဲ့သော်လည်း ကံကောင်းစွာ အသက်အန္တရာယ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၃ စင်တီမီတာ အရှည်ရှိတဲ့ကျည်ဆံဟာ သူရဲ့ ဘယ်ဘက်မျက်လုံးအနောက်သို့ ဝင်နေခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ကျည်ဆံကြောင့် သူရဲ့ဘယ်ဘက်မျက်လုံး အမြင်အာရုံချို့ယွင်းလာခဲ့ပါတယ်။ မျက်လုံးတွင်း သွေးယိုစိမ့်မှုတွေလည်းများနေပြီး နာကျင်တဲ့ဝေဒနာတွေလည်း ခံစားခဲ့ရပါတယ်။ ကျည်ဆံရှိနေတဲ့နေရာဟာ အာရုံကြောတွေရှိနေပြီး ခွဲစိတ်မှုပြုလုပ်ဖို့ အလွန်အန္တရာယ်များလွန်းတဲ့အတွက် ဆရာဝန်တွေက သူ့ကိုခွဲစိတ်ပြီး ကျည်ဆံကိုဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

လူနာရဲ့အခြေအနေ ဓာတ်မှန်အစရှိတဲ့ စစ်ဆေးမှုတွေကို ကြည့်ရှုပြီးနောက် မူဘိုင်းရှိ ဆေးရုံတစ်ရုံမှ ခွဲစိတ်ဆရာဝန် အန်ဆာရီက ကုသမှုပေးဖို့ လက်ခံခဲ့ပါတယ်။ သူဟာ အကြီးစားခွဲစိတ်မှုမပြုလုပ်ဘဲ အစာအိမ်ကြည့်မှန်ပြောင်းနည်းပညာကို အသုံးပြုပြီး ကျည်ဆံကိုထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီနည်းပညာဟာ အသားကိုခွဲစိတ်ဖို့မလိုဘဲ စက်ရုပ်လက်တံလို ထိန်းချုပ်ရတဲ့ လက်တံငယ်ပိုက်ချောင်းတွေကိုထည့်ပြီး သည်းခြေကျောက်တည်တာ၊ ဆီးကျောက်တည်တာအစရှိတဲ့ အသေးစားခွဲစိတ်မှုတွေကို ကုသရာမှာ သုံးလေ့ရှိပါတယ်။

ဒေါက်တာ အန်ဆာရီက လူနာရဲ့နှာခေါင်းပေါက်မှတစ်ဆင့် ကျည်ဆန်ကို အောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နား၊နှာခေါင်းလည် ချောင်းဌာနမှလည်း ခွဲစိတ်မှုမပြုလုပ်ဘဲ နှာခေါင်းမှတစ်ဆင့် ကျည်ဆံကိုထုတ်ယူနိုင်ခဲ့ပြီး ကုသမှုကလည်း အောင်မြင်ပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

“သာမန်ပြင်ပအရာဝတ္ထုကြောင့် အာရုံကြောတွေထိခိုက်ပြီး အမြင်အာရုံကွယ်တာဆိုရင် ဝင်နေတဲ့ပစ္စည်းကိုထုတ်လိုက်ပြီး မကြာခင်မှာ ထိခိုက်နေတဲ့ အာရုံတွေပြန်ကောင်းလာလေ့ရှိပါတယ်၊ အခုတစ်ယောက်ကတော့ ကျည်ဆံကြောင့်တင်မဟုတ်ဘဲနဲ့ ကျည်ဆံမှာပါတဲ့ ဓာတုပစ္စည်းတွေ အဆိပ်သင့်ပြီးမျက်စိကို ထိခိုက်သွားတဲ့အတွက် အမြင်အာရုံပြန်ကောင်းလာဖို့ကတော့ ဆက်လက်စောင့်ကြည့်သွားဖို့ လိုပါသေးတယ်”လို့ ကုသမှုပေးခဲ့သူ ဒေါက်တာ အန်ဆာရီကပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top