Healthy Life Ad
Q & A

အဆုတ်မပွအောင် ဆောင်ရန်၊ ရှောင်ရန်များ

မေး. အဆုတ်မပွအောင် ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲပြောပါဦး ဆရာ။
Myint Myat Mg (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မြန်မာလို အဆုတ်ပွတယ်ဆိုတာ ဆေးပညာအရ ဘာကိုခေါ်သလဲဆိုတာ ဆန်းစစ်ကြည့်ရပါမယ်။ ဆရာတို့ သိသလောက်ကတော့ နာတာရှည်လေပြွန်ရောင်ရမ်းပြီး ပိတ်ဆို့တဲ့ရောဂါ (COPD) ဒါမှမဟုတ် Emphysema ကို မြန်မာလို နားလည်လွယ်အောင် အဆုတ်ပွတယ်လို့ သုံးလေ့ရှိပါတယ်။ နာတာရှည်လေပြွန်လေးတွေ ကျဉ်းမြောင်းပိတ်ဆို့ပြီး လေအိတ်လေးတွေ ရောင်ရမ်းလာတာ(အဆုတ်ပွတာ)ကတော့ ဆေးလိပ်နဲ့ တိုက်ရိုက်ပတ်သက်မှုရှိပါတယ်။

ဆေးလိပ်သောက်သူတွေ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ လေပြွန်လေးတွေ ကျဉ်းမြောင်းရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ ပိုးတွေဝင်ပြီး လေပြွန်ထိခိုက်တာ၊ နာတာရှည်အဆုတ်ရောဂါဝေဒနာရှိတာတွေမှာ အဆုတ်ပွတာကို တွဲဖက်တွေ့ရတတ်ပါတယ်။ ဒါကြောင့် အဆုတ်ပွတယ်ဆိုရင် သေချာ စနစ်တကျ ကုသဖို့လိုပါတယ်။

ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်မယ်ဆိုရင် နောက်ပိုင်းမှာအဆုတ်ပွတာကို ကာကွယ်တားဆီးပေးပါလိမ့်မယ်။ ဆေးလိပ်ငွေ့တင်မက ခြင်ဆေးခွေငွေ့၊ ထင်းမီးခိုးငွေ့ စတဲ့ ညစ်ညမ်းတဲ့လေထုကို ရှောင်သင့်ပါတယ်။ အဆုတ်ထဲကို အမှုန်အမွှားတွေဝင်နိုင်တဲ့ ကျောက်မီးသွေးမှုန့်၊ ဘိလပ်မြေမှုန့် စတာတွေနဲ့ဆိုင်တဲ့ လုပ်ငန်းခွင်မှာ လုပ်သူတွေကလည်း နာတာရှည်အဆုတ်ပွရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံတွေမှာနှာခေါင်းထဲ အမှုန်အမွှားတွေမဝင်အောင် နှာခေါင်းစည်း (Mask) အုပ်တာမျိုး လုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top