Healthy Life Ad
Q & A

အဆုတ်အတွင်းရှိ လေပြွန်ရောင်ရမ်းခြင်း

—၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. အဆုတ်တွင်း လေပြွန်ရောင်ရမ်းတာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. အဆုတ်မှာ အသက်ရှူသွင်းလိုက်တဲ့အခါ လေပြွန်သေးသေးလေးတွေ ရှိပါတယ်။ အဆုတ်အတွင်းမှာရှိတဲ့ လေပြွန်ရောင်ရမ်းတာက အထူးသဖြင့် ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။

Q. အဆုတ်တွင်း လေပြွန်ရောင်ရမ်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

A. လေပြွန်ရောင်ရမ်းခြင်းမှာ ရုတ်တရက်ဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်းနဲ့ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ရုတ်တရက်ဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်းမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေက ချောင်းဆိုးမယ်၊ ရင်ဘတ်အောင့်မယ်၊ သလိပ်ထွက်မယ်၊ ပြီးရင် အဖျားတက်တယ်၊ ဖျားတဲ့အခါချမ်းမယ်၊ အားနည်းမယ်. . တုပ်ကွေးလက္ခဏာတွေလိုပါပဲ။ အထူးသဖြင့် တုပ်ကွေးဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကို သေချာကုသမှု မခံယူဘူးဆိုရင် နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ခဲတာ၊ အဆုတ်ရောင်တာတွေအထိ ဖြစ်သွားနိုင်ပါတယ်။

နာတာရှည် လေပြွန်ရောင်ရမ်းတာကလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ သုံးလဆက်တိုက် လက္ခဏာတွေ ပြနေတတ်ပြီး တချို့ဆိုရင် နှစ်နှစ်လောက်ကြာတတ်ပါတယ်။ အဲဒီလောက်ကြာရှည် ဖြစ်နေရင်တော့ နာတာရှည် လေပြွန်ရောင်ရမ်းတယ်လို့ ခေါ်ပါတယ်။ ဒါကိုမှ သေချာကုသမှု မခံယူဘူးဆိုရင် နာတာရှည်အဆုတ်ရောဂါ ဖြစ်တတ်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး နှလုံးတွေပါ ထိခိုက်ရာက အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

“လက်သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။ ချောင်းဆိုးတယ်ဆိုရင် နှာခေါင်းစည်း(Mask)တပ်ဖို့ လိုပါတယ်။ သူများချောင်းဆိုးတယ်ဆိုရင်လည်း ကိုယ့်ဘာသာ နှာခေါင်းစည်း တပ်ထားသင့်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးလည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ် ခုခံအားကောင်းအောင် အာဟာရပြည့်ပြည့်ဝ၀ စားသောက်ပေးသင့်ပါတယ်” . . .

Q. အဆုတ်တွင်း လေပြွန်ရောင်ရမ်းမှုမဖြစ်အောင် ဘယ်လိုကာကွယ် နေထိုင်သင့်ပါသလဲ ဆရာ။

A. အထူးသဖြင့် လက်သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။ ချောင်းဆိုးတယ်ဆိုရင် နှာခေါင်းစည်း(Mask) တပ်ဖို့လိုပါတယ်။ သူများချောင်းဆိုးတယ်ဆိုရင်လည်း ကိုယ့်ဘာသာ နှာခေါင်းစည်း တပ်ထားသင့်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ် ခုခံအားကောင်းအောင် အာဟာရပြည့်ပြည့်ဝ၀ စားသောက်ပေးသင့်ပါတယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူပေးသင့်ပါတယ်။ စိတ်ဖိစီးမှုလျှော့ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် ကာကွယ်ဆေးတွေ၊ အထူးသဖြင့် တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ပုံမှန်ထိုးနှံထားလို့ ရပါတယ်။ အဆုတ်တွင်း လေပြွန်ရောင်ရမ်းတာက ဆေးလိပ်သောက်တာနဲ့ ဆက်စပ်တတ်တဲ့အတွက် ဆေးလိပ်မသောက်တာကတော့ အကောင်းဆုံးပါ။

Q. အဆုတ်တွင်း လေပြွန်ရောင်တာကို ကုသမှုခံယူတာနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်တွေရှိရင် ပြောပြပေးပါဦး ဆရာ။

A. အထူးသဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အဆုတ်တွင်း လေပြွန်ရောင်ရမ်းခြင်းဆိုရင် ပဋိဇီဝပိုးသတ်ဆေး (Antibiotics)ကို တိုက်ရိုက်မသုံးပါဘူး။ နောက်ထပ် ထပ်ဖြစ်လာမယ့် ဘက်တီးရီးယားပိုးဝင်တဲ့ ပြဿနာကို ကာကွယ်ကုသဖို့အတွက် တစ်ခါတလေ လိုအပ်ရင်သာ သုံးရတာပါ။ ဗိုင်းရပ်စ်ကတော့ သူ့အလိုလို သက်သာသွားနိုင်ပေမယ့် ဘက်တီးရီးယားပိုးဝင်ပြီး ကုသမှု မခံယူရင်တော့ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သေချာကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

Q. အဆုတ်တွင်း လေပြွန်ရောင်ရမ်းမှုနဲ့ ပတ်သက်ပြီး အများပြည်သူကို ပြောချင်တာရှိရင် ထပ်မံပြောပြပေးပါ ဆရာ။

A. အဆုတ်တွင်း လေပြွန်ရောင်ရမ်းတာက လေထုညစ်ညမ်းတာကြောင့်ရော၊ တချို့လုပ်ငန်းခွင် အခြေအနေတွေကြောင့်ပါ ဆက်စပ်ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ဖျားတာကြာရင်၊ ချောင်းဆိုးတဲ့အခါ တရွှီရွှီမြည်နေတာကြာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top