Healthy Life Ad
International

ရုပ်ရှင်ရုံက ဝင်ခွင့်မပြုလို့ အဖေ့အသက်ကို ကယ်တင်နိုင်လိုက်တဲ့ ကောင်လေး

၊ ကိုထက် ၊

တကယ်လို့ လူးဝစ်ဟာ အခုအရွက်ထက် ၁နှစ်လောက်ပိုကြီးနေရင် သူ့ရဲ့အဖေဟာ ပြင်းထန်လှတဲ့ လေဖြတ်ဝေဒနာကြောင့် အသက်သေဆုံးသွားနိုင်ပါတယ်။ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ လူးဝစ်ဟာ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံကိုထွက်လာခဲ့ပါတယ်။ သူကြည့်ချင်တဲ့ ဇာတ်ကားဟာ အသက် ၁၅ နှစ်ကျော်မှသာ ကြည့်ခွင့်ရှိတဲ့ အက်ရှင်ကားဖြစ်နေတာကြောင့် ဝင်ခွင့်မရခဲ့ဘဲ အိမ်ပြန်လာခဲ့ပါတယ်။

အိမ်ပြန်ရောက်ချိန်မှာ လူးဝစ်ဟာ ဖခင်ဖြစ်သူ ကြမ်းပြင်ပေါ်လဲကျနေတာကို တွေ့လိုက်ရတာကြောင့် ချက်ချင်းပဲ ရဲစခန်းကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်ပါတယ်။

“ကျွန်တော် အိမ်ထဲဝင်လိုက်ချိန်မှာ အဖေက ကြမ်းပေါ်မှာ လဲနေတာတွေ့လိုက်တော့ အရမ်လန့်သွားပြီး ဘာလုပ်ရမလဲမသိဖြစ်သွားတယ် . . အဖေက သူ့ကို ထူပေးဖို့ အကူအညီတောင်းနေတဲ့အခါ ထူပေးဖို့လုပ်ပါသေးတယ်.. ဒါပေမဲ့ အဖေကအရမ်းလေးတော့ မထူပေးနိုင်ပါဘူး၊ ဒါနဲ့ ချက်ချင်းပဲ ရဲစခန်းကို ဖုန်းလှမ်းဆက်လိုက်တာပါပဲ”လို့ လူးဝစ်က ပြောပြခဲ့ပါတယ်။

အရေးပေါ်လူနာတင်ယာဉ် ချက်ချင်းထွက်လာနေပြီး နာရီဝက်ကျော်ခန့် ကြာမြင့်မှာဖြစ်တဲ့အကြောင်း၊ လေဖြတ်တာ ပိုမဆိုးသွားဖို့နဲ့ အသက်အန္တရာယ်ကင်းဖို့အတွက် အနည်းဆုံး ဦးနှောက်လုပ်ငန်း ၃ခုခန့်က အလုပ်လုပ်နေဖို့လိုအပ်ကြောင်း အရေးပေါ်ဌာနမှဖုန်းဖြေကြားသူက လူးဝစ်ကိုပြောပါတယ်။

ဒါကြောင့် လူးဝစ်ဟာ သူ့အဖေသတိမလစ်သွားဘဲ ဦးနှောက်အလုပ်လုပ်နေစေဖို့အတွက် စကားတွေပြောပေး၊ စိတ်တွေလွင့်မသွားအောင် တစ်ချိန်လုံး အသံပေးပြီး လှုပ်နိုးပေးနေခဲ့ပါတယ်။

အဲဒီအခါ လူးဝစ်ရဲ့ဖခင်ကိုကူညီပေးခဲ့မှုကြောင့် လူးဝစ်အဖေ ဂျီရော့ဟာ အချိန်မှီဆေးကုသမှုခံယူနိုင်ခဲ့ပြီး အသက်ဘေးမှ ကင်းဝေးခဲ့ပါတယ်။ ဘယ်ဘက်ကိုယ်တစ်ခြမ်းအနည်းငယ် အကြောဆွဲနေပြီး စကားပီသအောင် မပြောနိုင်သေးတာကို ဆက်လက်ကုသမှုခံယူလျက်ရှိပါတယ်။

“မထင်မှတ်ဘဲ ကိုယ်ချစ်တဲ့အဖေကို ကယ်ခွင့်ရလိုက်တာ တစ်သက်လုံး ပြန်တွေးတိုင်း ဝမ်းသာမိမယ့် အမှတ်တရတစ်ခုပဲလို့ ခံစားမိပါတယ်”လို့ လူးဝစ်က ပြောခဲ့ပါတယ်။

“ကျွန်တော့်သားအတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်.. သူက အသက်ငယ်သေးပေမယ့် အသိဉာဏ်ရှိတဲ့သူဆိုတာ သူလုပ်ကိုင်သွားတာကို ကြည့်ပြီး ကျွန်တော်စိတ်ချသွားနိုင်ပါပြီ”လို့ ဂျီရော့က ပြောပြခဲ့ပါတယ်။

(Ref;metro)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top