Healthy Life Ad
International

မီးဖွားပြီးနောက် ၆၈ မိနစ်ကြာ သေဆုံးသွားပြီး ပြန်လည် နိုးထလာသူ

၊ ကိုထက် ၊

အမျိုးသမီးတစ်ယောက် ကလေးမီးဖွားပြီးနောက် နှလုံးရပ်ခဲ့ပြီး ပြန်လည်သတိရလာချိန်မှာ မှတ်ဉာဏ်ပျောက်ခဲ့တဲ့ အဖြစ်အပျက် ဝေလပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးလေးဟာ သူမရဲ့သားလေး နီကို ကိုမွေးဖွားပြီးနောက် အလွန်ရှားပါးလှတဲ့ ရေမြွှာဆိပ်တက်ဝေဒနာတစ်မျိုးကြောင့် နှလုံးရပ်သွားခဲ့ပါတယ်။ ၁ နာရီကျော်ကြာ နှလုံးရပ်နေခဲ့ပြီးနောက် သတိမေ့မျောနေခဲ့ပါတယ်။ နှစ်ပတ်ကြာချိန်မှာ သတိမေ့နေရာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီးရှန်နွန်းဟာ သူ့ကိုယ်သူ အသက် ၁၃ နှစ်လို့သာထင်နေပြီး သူရဲ့ကလေးကိုရော ကလေးအဖေကိုပါ လုံးဝမမှတ်မိတော့ပါဘူး။

နှလုံးခုန်ရပ်သွားချိန်မှာ ဆရာဝန်တွေဟာ ကလေးကို ညှပ်နဲ့ဆွဲထုတ်မွေးဖွားခဲ့ပြီး သူမကိုလည်း ခက်ခက်ခဲခဲ ပြန်လည်ကယ်တင်နိုင်ပေးခဲ့ပါတယ်။ သတိလစ်နေရာမှ နိုးလာချိန်မှာ ရှန်နွန်းရဲ့မိသားစုက သူမရဲ့ မှတ်ဉာဏ်တွေ ပြန်လည်ပေါ်ထွက်လာဖို့ ကြိုးစားကြရပါတော့တယ်။ ဒါပေမဲ့ သူမမှာ ကလေးနှစ်ယောက်နဲ့ ချစ်သူရှိတယ်ဆိုတာကို လုံးဝ မမှတ်မိတော့ပါဘူး။

“သူ ကလေးမွေးဖို့ ဆေးရုံတက်ချိန်မှာ အားလုံးက ချစ်စရာကောင်းတဲ့ ကလေးလေး နဲ့ အိမ်ပြန်လည်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် တကယ်လက်တွေ့မှာတော့ ကလေးနှစ်ယောက်အိမ်ပြန်လာသလိုပါပဲ”လို့ ရှန်နွန်း ရဲ့အမေက ပြောပြခဲ့ပါတယ်။ သူမဟာ ကိုယ့်ကိုယ်ကိုယ် ၁၃ နှစ်လို့သာထင်နေပြီး ကလေးတစ်ယောက်လို့ စောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ပုံဖြစ်နေပါတယ်။

“သူက ကျွန်မကို ငယ်ငယ်ကခေါ်တဲ့ ပုံစံအတိုင်း မာမီလို့ခေါ်ပြီး ဘယ်မှာနေလဲမေး လိုက်တော့ သူ ၁၃ နှစ်က နေခဲ့တဲ့ အိမ်လိပ်စာကိုပြောပြတယ်”လို့ ရှန်နွန်းအမေကပြောခဲ့ပါတယ်။ မီးဖွားချိန်မှာ ဦးနှောက်အစိတ်အပိုင်း တချို့ကိုပါ ထိခိုက်ပျက်စီးသွားတာကိုတွေ့ ရှိခဲ့ရပြီး ရှန်နွန်းဟာ အမြင်အာရုံများစွာ အားနည်းသွားတာကိုလည်း စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘဲ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရပါတယ်။ မိဘနဲ့သာနေနေပြီး သူရဲ့ကလေးတွေကိုတော့ လုံးဝအမှတ်မရတော့ပါဘူး။ ရှန်နွန်းချစ်သူနဲ့ ကလေးနှစ်ယောက်ဟာ သူ့မိဘအိမ်နဲ့ နီးရာကို ပြောင်းရွှေ့နေထိုင်ပြီး မှတ်ဉာဏ်တွေ ပြန်သတိရလာအောင် ဗီဒီယိုတွေ ဓာတ်ပုံတွေပြကာ ရှန်နွန်းနဲ့အချိန်တွေပိုပြီး ကုန်ဆုံးနေပေးနေကြပါတယ်။

“ကလေးမွေးတာ အရင်တစ်ယောက်ထက် အချိန်အရမ်းကိုပိုကြာတော့ ကျွန်တော်တော့ သူ့ကို လက်လွှတ်ရပြီလို့ကိုထင်နေတာပါ. . . အခုအခြေအနေကမှ မျှော်လင့်ချက်ရှိပါသေးတယ်”လို့ ရှန်နွန်းချစ်သူ က ပြောပြခဲ့ပါတယ်။

(Ref;mirror)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top