Healthy Life Ad
Health Tips

သင့်သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောအဆီတွေ မြင့်တက်နေပါသလား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အဆီမှာ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့ အဆီဆိုပြီး နှစ်မျိုးရှိကာ အခန်းအပူချိန်မှာ အရည်ဖြစ်တဲ့ အဆီတွေကို မပြည့်ဝဆီလို့ခေါ်ပြီး မပြည့်ဝ ဆီမှာ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ ပဲပုပ်စေ့ဆီ စတာတွေပါဝင်ပါတယ်။ မကောင်းတဲ့အဆီ(ပြည့်ဝဆီ)တွေကို တိရစ္ဆာန်ထွက် အသားတွေထဲမှာ အဓိကတွေ့ရပြီး အခန်းအပူချိန်နဲ့ ရေခဲသေတ္တာထဲမှာ အေးခဲသွားတတ်ပါတယ်။ ထရန့်စ်ဖက်စ်အဆီတွေကို မာဂျရင်းထောပတ်၊ ကွတ်ကီးမုန့်၊ ကိတ်မုန့်၊ အာလူးချောင်းကြော်နဲ့ တခြားသရေစာတွေထဲမှာ တွေ့ရပါတယ်။ ဒီအဆီက မကောင်းတဲ့ ကိုလက် စထရောကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးထဲမှာ ကိုလက်စထရောမြင့်တက်မှု လျော့ကျစေဖို့ အောက်ပါ နေထိုင်စားသောက်နည်းတွေကို လိုက်နာသင့်ပါတယ်။

(၁) နို့နှင့် နို့ထွက်ပစ္စည်းကို အဆီနည်း သို့မဟုတ် အဆီထုတ်ထားသော အမျိုးအစား ရွေးချယ်စားသောက်ပါ
နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရွေးချယ် စား သောက်ရာမှာ အဆီနည်းတဲ့ အမျိုးအစား ဒါမှမဟုတ် အဆီထုတ်ထားတဲ့ အမျိုးအစားကို ရွေးချယ် စားသောက်သင့်ပါတယ်။ အထူးသဖြင့် ဒိန်ချဉ်၊ ဒိန်ခဲ၊ ချိစ်နဲ့ ရေခဲမုန့်တွေ စားတဲ့အခါ အဆီထုတ် ထားတဲ့ အမျိုးအစားဖြစ်ဖို့ လိုပါတယ်။

(၂) ပျော်ဝင်သော အမျှင်ဓာတ် ပါဝင်မှုများသည့် အစာကိုစားပါ
ပျော်ဝင်တဲ့ အမျှင်ဓာတ်အမျိုးအစားဟာ အစာအိမ်အူလမ်းကြောင်းရှိ ကိုလက်စထရောနဲ့ ပေါင်းပြီး ခန္ဓာကိုယ်ထဲကနေ မကောင်းတဲ့ကိုလက် စထရောတွေကို ထွက်ရှိသွားစေပါတယ်။ ပျော်ဝင်တဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာတွေက အုတ်ဂျုံ ပါတဲ့ မုန့်၊ အုတ်ဂျုံကွေကာ၊ ပဲအမျိုးမျိုး၊ ပန်းသီး၊ ငှက်ပျောသီးနဲ့ ချဉ်တဲ့ သစ်သီးဝလံစတာတွေဖြစ်ကြ ပါတယ်။

(၃) အဆီနည်း အသား ရွေးချယ်ပါ
အသားတွေ ရွေးချယ်ရာမှာ အဆီနဲ့ အရေခွံ ထုတ်ထားတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ အမဲသား၊ ဝက်သားစတဲ့ အသားတွေထက် ကြက်သားကို အရေခွံခွာပြီး စားပါ။

(၄) မပြည့်ဝဆီနှင့် ဟင်းလျာ ချက်ပြုတ်ပါ
ဟင်းလျာချက်ပြုတ်ပြင်ဆင်ရာမှာ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ စတာတွေကို သုံးသင့်ပါတယ်။

(၅) တိရစ္ဆာန်ထွက် ပရိုတင်းအစား အပင်ထွက် ပရိုတင်းကို ပိုအသုံးပြုပါ
တိရစ္ဆာန်ထွက် ပရိုတင်းအစား အပင်ထွက်ပရို တင်းကိုပိုစားသင့်ပါတယ်။ အထူးသဖြင့် ပဲမည်း၊ ပဲနီစေ့၊ ကုလားပဲ၊ ပဲနီလေး၊ တိုဟူး၊ ပဲပုပ်စေ့ စတာတွေကို စားသင့်ပါတယ်။

(၆) ကိုလက်စထရောကျစေသော စတီရောပါသည့် အစာများ ရွေးချယ်ပါ
ကိုလက်စထရောကျစေတဲ့ စတီရောတွေက ကိုလက်စထရော စုပ်ယူမှုမရှိအောင် ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးပါတယ်။ တစ်နေ့မှာ စတီရော ၂-၃ ဂရမ် မှီဝဲတာကြောင့် သွေးတွင်းမကောင်းတဲ့ ကို လက်စထရော ၆-၁၅ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ စတီရောပါတဲ့ အစာတွေက လိမ္မော်ရည်နဲ့ ဒိန်ချဉ်တို့ ဖြစ်ကြပါတယ်။

(၇) ကောက်နှံတစ်ခုလုံးစာကို ရွေးချယ်ပါ
အမျှင်ဓာတ် ရရှိစေဖို့ အညိုရောင် ပေါင်မုန့်၊ ဆန်လုံးညို၊ ခေါက်ဆွဲညို စတာတွေကို စားပါ။

(၈) ငါးအဆီကို တစ်ပတ် နှစ်ကြိမ်စားပါ
ငါးအဆီကိုစားတာကြောင့် သွေးတွင်းမကောင်းတဲ့အဆီတွေကို လျော့ကျစေပါတယ်။

(၉) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များများ စားပါ
အမျိုးသမီးအများစုဟာ နေ့စဉ်နေ့တိုင်း သစ်သီးဝလံတစ်ခွက်-ခွက်တစ်ဝက်နဲ့ ဟင်းသီး ဟင်းရွက် နှစ်ခွက်- နှစ်ခွက်ခွဲခန့် စားသင့်ပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစား တာကြောင့် အမျှင်ဓာတ်တွေ ပါဝင်ကာ ပြည့်ဝဆီ နေရာမှာ အစားထိုးဝင်ရောက်နိုင်ပါတယ်။

(၁၀) တန်ဆေးလွန်ဘေးကို သတိပြုပါ
ကြက်ဥ၊ ဘဲဥကို များများစားတာကြောင့်သွေးထဲမှာ ကိုလက်စထရောကို အနည်းငယ်မြင့်တက်စေနိုင်ပါတယ်။ ကိုလက်စထရောများတဲ့ အစာတွေကို များများစားရင် နှလုံးသွေးကြောကျဉ်းတာနဲ့ လေဖြတ်တာတို့ကို ဖြစ်နိုင်ခြေအနည်းငယ်မြင့် တက်စေနိုင်ပါတယ်။ ဒါကြောင့် တန်ဆေး လွန် ဘေးဆိုတဲ့ သဘောအတိုင်း အရာရာကို အသင့်အတင့်ပဲ စားသောက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top