Healthy Life Ad
Health Tips

ကိုလက်စထရောကို လျော့ကျစေပြီး အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိသော ရာသီစာသုံးမျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

မိုးတွင်းကာလမှာ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးဝလံအများစုကို ဝေဝေဆာဆာ တွေ့ရပါတယ်။ ဒီရာသီမှာတွေ့ရတဲ့ သစ်သီးဝလံတွေအနက် ကိုလက်စထရောကို လျော့ကျစေပြီး အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အောက်ပါသစ်သီး သုံးမျိုးအကြောင်းကို ဖော်ပြလိုက်ပါတယ်။

ပန်းသီး – ကိုလက်စထရောကျစေခြင်း

ပန်းသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် ၉၅ ကယ်လိုရီခန့်နဲ့ အမျှင်ဓာတ် လေးဂရမ်ပါဝင်ပါတယ်။ ပန်းသီးမှာပါဝင်တဲ့ ပက်တင်က ပျော်ဝင်တဲ့အမျှင်ဓာတ်ဖြစ်ပြီး သွေးတွင်းကိုလက်စထရောကို လျော့ကျစေကာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အကောင်းဆုံး ကျန်းမာရေးအကျိုးကျေးဇူးရရှိဖို့ ပန်းသီးစားရင် အခွံကိုပါ စားသင့်ပါတယ်။ ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်က အစာစားရာမှာ စိတ်ကျေနပ်မှု ပြည့်ဝစေပါတယ်။

ရွှေဖရုံသီး – ကင်ဆာတွန်းလှန်နိုင်ခြင်း

တခြားစားသင့်တဲ့ သစ်သီးက တောက်ပတဲ့ လိမ္မော်ရောင် ရွှေဖရုံသီးပဲ ဖြစ်ပါတယ်။ ရွှေဖရုံသီးမှာ ရောဂါကို တွန်းလှန်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ၊ ဥပမာ- အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ပန်တိုသီးနစ်အက်စစ်၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့ ပါဝင်ပါတယ်။ ရွှေဖရုံသီးကို လိမ္မော်ရင့်ရောင် ဖြစ်စေတဲ့ ကာရိုတီးနွိုက်ဟာ ကင်ဆာလို ရောဂါဝေဒနာတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိစေပါတယ်။ ရွှေဖရုံသီးမှာ ဖိုင်တိုနျူးထရီးရန့် နှစ်မျိုးပါဝင်တာကြောင့် ရွှေဖရုံယို ဒါမှမဟုတ် စွပ်ပြုတ်လုပ်ပြီး စားနိုင်ပါတယ်။ ရွှေဖရုံစေ့မှာ နှလုံးအကျိုးပြုအဆီဓာတ်၊ ဇင့်(သွပ်)၊ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်နဲ့ သံဓာတ်တို့ ပါဝင်ပါတယ်။ ဟင်းရွက်သုပ်၊ ဒိန်ချဉ်၊ စွပ်ပြုတ်တွေထဲမှာ ရွှေဖရုံစေ့ကို ဖြူးပြီးစားနိုင်ပါတယ်။ ရွှေဖရုံစေ့ကို ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားရင် အာနိသင်ကို ထိန်းထားနိုင်ပါတယ်။

ပန်းသစ်တော်သီး – အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိရှိခြင်း

ဒီလမှာ အရည်ရွှမ်းပြီး ချိုမြိန်တဲ့ ပန်းသစ်တော်သီးတွေကို အများအပြား တွေ့ရပါတယ်။ ပန်းသစ်တော်သီးမှာ ကြေးနီ၊ ဗီတာမင်စီတို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသစ်တော်သီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူမကြီးနဲ့ နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top