Healthy Life Ad
Health Tips

မှိုအရေပြားရောဂါသည် မိုးရာသီတွင် ဖြစ်ပွားမှုများပြားပြီး ပူနွေးစိုစွတ်သောအခြေအနေများတွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်းသိရ

၊ အေးမို့မို့ဇော် ၊

မှိုအရေပြားရောဂါသည် မိုးရာသီတွင်ဖြစ်ပွားမှုများပြားပြီး ပူနွေးစိုစွတ်သော အခြေအနေများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားအထူးကုဌာနမှ ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါပြောကြားချက်ကို စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်သော “မှိုအရေပြားရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မှိုအရေပြားရောဂါသည် Fungi ဟုခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်ပွားသော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး၊ ယင်းမှိုများမှာ လေထုထဲတွင် ပျံ့နှံ့နေလေ့ရှိကာ လူ့ခန္ဓာကိုယ်နှင့်ထိတွေ့မိပြီး မှိုအရေပြားရောဂါ ဖြစ်ပွားနိုင်ကြောင်းသိရသည်။ အဆိုပါမှိုအရေပြားရောဂါသည် ခန္ဓာကိုယ်ရှိ အရေပြားပေါ် မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပြီး အများအားဖြင့် အရေပြား၂ခုထိစပ်နေသော နေရာများဖြစ်သည့် ချိုင်း(ဂျိုင်း)၊ ပေါင်းခြံ၊ လည်ပင်းနေရာများတွင် ပိုမိုဖြစ်ပွားတတ်ကြောင်း ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်က ပြောကြားခဲ့သည်။

“မှိုအရေပြားရောဂါက အခုလိုမိုးရာသီမှာ အဖြစ်များတယ်။ ဘာလို့လဲဆိုတော့ ပူအိုက်စွတ်စိုလို့။ ရာသီဥတုကပူလိုက်၊ အေးလိုက်ဖြစ်တယ်။ ချွေးတွေလည်းထွက်တယ်။ မိုးတွင်းမှာက မှိုတက်တော့ ခြောက်သွေ့မှုနည်းပါးလို့ဖြစ်တာပေါ့”ဟု ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်က ပြောသည်။ မှိုအရေပြားရောဂါသည် တစ်နည်းအားဖြင့် ပွေး၊ ညှင်း၊ ဒက်၊ မှိုစွဲခြင်း၊ မှက္ခရုဟု အများစုကခေါ်ကြပြီး မွေးကင်းစကလေးငယ်များ၊ ဆီးချိုရောဂါရှိသူများ၊ သံဓာတ်နှင့် ဇင့်ဓာတ်ချို့တဲ့သူများ၊ အဝလွန်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ခံအားနည်းသူများနှင့် နာတာရှည်ရောဂါသည်များတွင် အဖြစ်များလေ့ရှိကြောင်း သိရသည်။

ယင်းရောဂါဖြစ်ပွားပါက အင်ပြင်ကဲ့သို့ အနီကွက်များ၊ အဖြူကွက်များထွက်ခြင်း၊ အနီစက်များထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း၊ အရေပြားအက်ကွဲခြင်းနှင့် ပါးစပ်ထဲတွင် အဖြူရောင်အဖတ်များ ပေါ်လာခြင်းတို့မှာ မှိုအရေပြား၏ ရောဂါလက္ခဏာများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများရှိ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူသင့်ကြောင်းနှင့် ယင်းကဲ့သို့ မဖြစ်ပွားစေရန် သန့်ရှင်းခြောက်သွေ့သော အဝတ်အထည်များကိုသာ ဝတ်ဆင်နေထိုင်သင့်ကြောင်း၊ ချိုင်း၊ ပေါင်ခြံနှင့်လက်ချောင်း၊ ခြေချောင်းကြားကို အမြဲသန့်ရှင်းခြောက်သွေ့အောင် ထားသင့်ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top