Healthy Life Ad
Q & A

မိုးတွင်းကာလဖြစ်တတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ

—–၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. မိုးတွင်းမှာဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိပါရစေဆရာ။

A. ဝမ်းပျက်ဝမ်းလျှောရောဂါက ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ ကပ်ပါးကောင်တွေကြောင့် ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ခရီးသွားတဲ့အခါ မသန့်တဲ့ အစားအသောက်တွေ စားသောက်မိလို့ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါပါ။ မိုးတွင်းမှာဆိုရင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးကောင်တွေကြောင့် အဖြစ်များပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ ယင်နားစာတွေကြောင့် ဖြစ်တာများပါတယ်။

Q. ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

A. ဝမ်းအရည်တွေသွားတယ်၊ တချို့တွေမှာ ဝမ်းအရည်ကော အဖတ်တွေပါ သွားတယ်၊ အကြိမ်များများ သွားတယ်။ တချို့တွေကျတော့ ဝမ်းသွားတာနဲ့ အန်တာ တွဲဖြစ်တတ်ကြပါတယ်။ တချို့လူတွေကျတော့ ဝမ်းလည်းလျှော၊ အန်လည်းအန်၊ ဖျားလည်းဖျား ဖြစ်တတ်တယ်။ အဲဒီလို အန်-လျှော-ဖျား အခြေအနေက သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။ တချို့လူတွေကျတော့ ဝမ်းသွားတဲ့အခါ ဗိုက်ရစ်ပြီး သွားတတ်သလို တချို့တွေမှာကျတော့ ဝမ်းသွားတဲ့အခါ အချွဲတွေ၊ သွေးတွေ ပါတတ်ပါတယ်။

Q. ဘယ်အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ။

A. အသက်ငယ်ရွယ်တဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ခုခံအားကျသူတွေမှာ အဖြစ်များတတ်ပါတယ်။

“အဓိကကတော့ အစားအသောက်တွေကို သေချာသန့်ရှင်းလတ်ဆတ်အောင် ပြင်ဆင်ပြီး ကောင်းကောင်းကျက်အောင် ချက်ပြုတ်စားသောက်သင့်ပါတယ်။ ရေကောင်းရေသန့်ကို သောက်သင့်ပါတယ်။ ရေကောင်းရေသန့်မရတဲ့ ဒေသတွေမှာ ရေကိုကျိုချက်ပြီး သောက်သင့်ပါတယ်။”

Q. ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ထားနိုင်ပါသလဲ ဆရာ။

A. အဓိကကတော့ အစားအသောက်တွေကို သေချာသန့်ရှင်းလတ်ဆတ်အောင် ပြင်ဆင်ပြီး ကောင်းကောင်းကျက်အောင် ချက်ပြုတ်စားသောက်သင့်ပါတယ်။ ရေကောင်းရေသန့်ကို သောက်သင့်ပါတယ်။ ရေကောင်းရေသန့်မရတဲ့ ဒေသတွေမှာ ရေကိုကျိုချက်ပြီး သောက်သင့်ပါတယ်။ ယင်နားစာတွေ မစားသင့်သလို ပတ်ဝန်းကျင်မှာ ယင်မအုံအောင် အမှိုက်တွေကို စနစ်တကျ စွန့်ပစ်သင့်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ဆေးဖို့ လိုပါတယ်။ လက်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေး၊ ယင်လုံအိမ်သာဖြစ်ရေးတွေက အရေးကြီးပါတယ်။ ဟင်းလျာတွေကို မချက်ခင်နဲ့ ချက်ပြုတ်ပြင်ဆင်ပြီးတိုင်း၊ အိမ်သာတက်ပြီးတိုင်း၊ အပြင်ကပြန်လာတိုင်း၊ လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောပေးဖို့ လိုပါတယ်။ ကာကွယ်ဆေးအနေနဲ့ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကာကွယ်ဆေးတော့ ရှိပါတယ်။

Q. ဝမ်းသွားတဲ့ အကြိမ်ရေများလာရင် သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

A. ဝမ်းသွားတဲ့ အကြိမ်ရေများလာပြီး ရေဓာတ်ဆုံးရှုံးတဲ့အခါ အားနည်းသလို ခံစားရတတ်ပါတယ်၊ အရေပြားခြောက်သွေ့လာတတ်တယ်၊ ရေငတ်လာပါတယ်၊ ခေါင်းတွေမူးလာတတ်တယ်။ အဲဒီလို ရေဓာတ်အလွန်အမင်း ဆုံးရှုံးတဲ့ အခြေအနေဖြစ်လာရင်၊ အထူးသဖြင့် အန်လည်းအန်နေပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြသင့်ပါတယ်။ ကြားထဲမှာ ဓာတ်ဆားရည်ကို ပုံမှန်သောက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top